စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အနောက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးက မကျည်းဘုတ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတယောက် သေဆုံးပြီး ဒေသခံပြည်သူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့သလို မွေးမြူရေးတိရစ္ဆာန်ထောင်ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မကျည်းဘုတ်ကျေးရွာရဲ့ အရှေ့ဘက်အနီးက ပြည်သူပိုင် မွေးမြူရေးခြံပေါ်ကို ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့တာပါ။
လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၉ ယောက် စုစုပေါင်း ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တယောက်က DVB ကို ပြောပါတယ်။
“အဲဒီထဲက အမျိုးသမီးတဦးကတော့ ခေါင်းကို ကျည်ဆန်မှန်တာဖြစ်လို့ စိုးရိမ်ရတဲ့ အနေအထား ရှိတာနဲ့ ဆေးကုသမှုခံယူရင်း နောက်နေ့မနက်မှာ ဆုံးသွားပါတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေ အားလုံးကိုလည်း ဆက်ပြီး ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။”
သေဆုံးသွားသူဟာ မကျီးဘုတ်ကျေးရွာမှာ နေထိုင်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရခဲ့ကြတဲ့အပြင် ပြည်သူပိုင် မွေးမြူရေးခြံ အတွင်းက ဝက်ပေါက်တွေ အပါအဝင် ဝက် ၉၂ ကောင်၊ ကြက်အကောင်ရေ ၁,၈၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ မြောင်မြို့နယ်အခြေစိုက် CDSOM အဖွဲ့ တာဝန်ခံက ပြောပါတယ်။
“ပျက်စီးဆုံးရှုံးတဲ့ အရေအတွက်လည်း များသလို ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးလည်း များပါတယ်။ ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ကြသလို မွေးမြူရေး ကြက်တွေ၊ ဝက်တွေ သေဆုံးခဲ့ရပြီး ကြက်ခြံတခြံ၊ ဝက်ခြံ ၃ ခြံနဲ့ စက်တဲတလုံးတို့လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။
နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ် တောင်ဘက်ခြမ်းက မြစ်သာကျေးရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။