
ရုရှားဟာ ယူကရိန်းမြို့တော်ကို သြဂုတ်လနောက်ပိုင်း ပထမဆုံးအဖြစ် ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အရာရှိတွေက ပြောခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ကိယက်ဗ်မြို့တော်တဝန်း ဗုံးတွေပေါက်ကွဲခဲ့တာကြောင့် မြေအောက်ရထားဘူတာရုံထဲကို သက်ကြီးရွယ်အိုအမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို မဖြစ်မနေ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ဝင်ရောက်လာတဲ့ ခရုဇ်ဒုံးကျည် ၂ စင်း၊ ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ မောင်းသူမဲ့လေယာဉ် ၃၇ စင်းတို့ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း လေတပ်က ပြောပါတယ်။
ကိယက်ဗ်မှာ အသေအပျောက်နဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ ကြီးကြီးမားမား ဒုံးကျည်တိုက်ခိုက်မှုကို လနဲ့ချီ စောင့်ကြည့်နေခဲ့ရပြီးတော့ ယိုယွင်းနေတဲ့ စွမ်းအင်စနစ်အတွက် ထိုးနှက်ချက် အသစ်တစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မလားနဲ့ ဆောင်းရာသီဝင်ရောက်လာတာနဲ့အမျှ အချိန်အတော်ကြာ မီးပျက်သွားနိုင်မလား ဆိုတာတွေကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
“ဒုံးကျည်နဲ့ တိုက်ခိုက်မှုတိုင်းဟာ ကြောက်စရာ ကောင်းတယ်” လို့ ကိယက်ဗ်မြို့ခံ ကလေး ၂ ယောက်မိခင် ယူလီယာချာနီရှဲဗစ်ချ်က ပြောပါတယ်။
ဒရုန်းတွေက ညတိုင်း ပျံသန်းနေတာကြောင့် ရှာဟဒ် ဒရုန်းတိုက်ခိုက်မှုကို ကျင့်သားတောင် ရနေပြီ လို့ ဆိုပါတယ်။
ကိယက်ဗ်ဒေသဟာ အမြဲဒုက္ခရောက်နေရတာဖြစ်ပြီး ဒရုန်းတွေ ပျံသန်းနေချိန်မှာ ကလေးတွေလည်း ကျောင်းသွားမတက်နိုင်ဘဲ ဒုံးကျည်တွေ တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ ခိုလှုံရာကို ပြေးပြီး ရှာဖွေနေကြရပါတယ်။
Source: Reuters










