DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများ၌ စစ်မှုထမ်းဥပဒေသင်ရန်ကြိုးပမ်းမှု စစ်ဝါဒမှိုင်းတိုက်ခြင်းဖြစ်ဟု ဥပဒေပညာရှင်ပြော 
DVB
·
November 13, 2024
စာသင်ကျောင်းများ၌ စစ်မှုထမ်းဥပဒေသင်ရန်ကြိုးပမ်းမှု စစ်ဝါဒမှိုင်းတိုက်ခြင်းဖြစ်ဟု ဥပဒေပညာရှင်ပြော 
Donate to DVB

အခြေခံပညာ အထက်တန်းကျောင်းသူ ၊ ကျောင်းသားတွေကို ဥပဒေအသိပညာသင်ပေးနိုင်ဖို့ အတွက် အစိုးရစာသင်ကျောင်းက ဆရာ၊ ဆရာမတွေကို ဥပဒေ အသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းပို့ချပေးနေတာဟာ  စစ်ဝါဒမှိုင်းဖြန့်ချိတာ ဖြစ်တယ်လို့ ပညာရေးနဲ့ ဥပဒေ အသိုက်အဝန်းက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်း အမှတ်စဉ် ၁ ကို အောက်တိုဘာ ၂၈ ရက်ကစတင်ကာ ခရိုင် ၁၄ ခုက Grade 11 နဲ့ Grade 12 ပညာသင်ကြားပေးနေတဲ့ ဆရာ ၊ ဆရာမ တွေကို ၁၀ ရက်ကြာသင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

အခုလို ကျောင်းတွေမှာ အဓိက ဘာသာရပ် ၆ ခုကိုတောင် ပြီးအောင် ကြိုးစား သင်နေရတဲ့အချိန်မှာ နောက်ထပ် သင်ရိုးသစ်အနေနဲ့ သင်ရဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ဆရာ ၊ ဆရာမတွေက ပြောကြပါတယ်။

အထက်တန်းပြ ဆရာမတယောက်က “သင်ရိုးညွှန်းတမ်းတခုဆွဲတာက ၄ နှစ် ၅ နှစ်နဲ့မပြီးဘူး Grade 12 သင်ရိုးဆိုရင် ၂၀၀၇ ခုနှစ်ကနေ အခြေပြုပြီးမှ ၂၀၂၂-၂၀၂၃ မှ အပြီးသတ်သွားနိုင်ခဲ့တာ သင်ရိုးထဲကို ထည့်လာဖို့ဆိုတောတော့ မဖြစ်နိုင်ဘူး။  အပြင်ကနေ လာပြီး သင်တန်းပေးတာတွေလောက်ပဲ ရှိနိုင်မှာပါ။ ကျောင်းတွေမှာ အဓိက ဘာသာရပ် ၆ ခုကိုတောင် မနည်းပြီးအောင် သင်နေရတာ ဆရာ၊ ဆရာမတွေက ဒါကိုထည့်သင်မယ် ဆိုတော့ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ စစ်ကောင်စီက ကျောင်းသား၊ ကျောင်းသူတွေ တည်ဆဲဥပဒေတွေရဲ့အခြေခံသဘောတရားတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ပြီး ဥပဒေပိုင်းဆိုင်ရာ အသိအမြင်တွေ ရရှိနိုင်ဖို့အတွက် Grade 11 နဲ့  Grade 12 အတန်းတွေမှာ ဥပဒေပညာ သင်ကြား ပို့ချပေးရမယ်လို့ ပြောဆိုခဲ့တာပါ။

ဥပဒေအသိပညာပေးသင်တန်းကို လက်ရှိမှာ သင်တန်းကျောင်း ၄ ကျောင်းဖွင့်လှစ်ပြီး ဆရာ ၊ ဆရာမ ၆၇၁ ယောက်ကို ဆရာဖြစ်သင်တန်း ပို့ချပေးခဲ့ပြီဖြစ်တယ်လို့ ဥပဒေ အသိုက်အဝန်းကနေ သိရပါတယ်။

စစ်ကောင်စီက စစ်ကျောင်းလို့ သဘောထားပြီး စစ်တပ်မှာသင်တဲ့အတိုင်း ပညာရေးဝန်ကြီးဌာနကို ခိုင်းပြီး စစ်ဝါဒမှိုင်း ထည့်သွင်းတာဖြစ်တယ်လို့ ဝါရင့် တရားလွှတ်တော်ရှေ့နေ့  ဦးကြီးမြင့်က ပြောပါတယ်။

“သူတို့သင်မှာကတော့ စစ်မှုထမ်းဥပဒေရယ်၊ အကြမ်းဖျက်တိုက်ဖျက်ရေးဥပဒေရယ် အဲဒီအပေါ်မှာ သူတို့ဘက်က မြင်တဲ့အမြင် သူတို့ထားရှိတဲ့ သဘောတရားတွေကို ပြည်သူတွေက ဒါကို ဘယ်လို လိုက်နာသင့်တယ်ဆိုတဲ့ ရှုထောင့်ကနေပြီးတော့ ဦးနှောက်ဆေးတာပေါ့နော်၊ ဦးနှောက်ကို သူတို့ဘက်က သဘောတရားမှိုင်းထည့်တာပေါ့နော် အဲလိုပဲ ဆရာကယူဆပါတယ်။ ဘာလို့ဆို တစ်အချက်က ဒါတွေက တက္ကသိုလ်ရောက်မှ သင်ရတာ နှစ်အချက်က ပညာရှင်တွေလုပ်ရမယ့်အလုပ်ကို နိုင်ငံရေးသမားလည်းမဟုတ်ဘူး  လွှတ်တော်ကပြဋ္ဌာန်းပြီး အတည်ပြုတာလည်းမဟုတ်ဘူး။ ပညာရေးဝန်ကြီးဌာနက အတည်ပြုတာလည်းမဟုတ်ဘူး။ စစ်တပ်ကနေပြီးတော့ ဒါလုပ်ဆိုလို့ ပညာရေးဝန်ကြီးဌာနက လိုက်လုပ်ရတာ။  ဒါဟာစစ်ကျောင်းလို့ ဆရာကယူဆတယ်။ စစ်ကျောင်းပေါ့ ရိုးရိုးပညာရေးကျောင်းတွေလို့ မယူဆဘူး စစ်သင်ခန်းစာတွေပေါ့” လို့ပြောပါတယ်။

လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဟိန်းထွဋ်အောင်ကလည်း စစ်အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် ကျောင်းသားတွေကို ဝါဒမှိုင်းတိုက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက လူထုထောက်ခံမှုတွေ မရှိတော့ဘူးဆိုတော့ နိုင်ငံရေးအရ ရှုံးနိမ့်နေတာ အမှန်ပါပဲဆိုတော့ အာဏာရှင်ဟာ လူထုကို အကြောက်တရား ရိုက်ထည့်ပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားတာအပြင် အာဏာရှင်လက်အောက်မှာ နေသားတကျဖြစ်လာအောင် နုနယ်တဲ့ကျောင်းနေအရွယ် ကြားထဲမှာ ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ ဒါမျိုးကို ကျနော့်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခေတ်မီဖွံဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော် တည်ဆောက်နိုင်ဖို့အတွက် ဥပဒေကို လူတိုင်းသိရှိလိုက်နာရမယ်လို့ နိုဝင်ဘာ ၅ ရက် ကမ္ဘာ့ ဆရာများနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013