DVB Logo
Home
မြန်မာသတင်း
အမှုမှန်ပေါ်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ကူညီရန် စွပ်စွဲခံ လူငယ် ၂ ဦး၏ မိဘများ တောင်းဆို
DVB
·
October 14, 2014
အမှုမှန်ပေါ်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ကူညီရန် စွပ်စွဲခံ လူငယ် ၂ ဦး၏ မိဘများ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ သားဖြစ်သူတွေရဲ့အမှုကို အမှန်အတိုင်းပေါ်ပေါက်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)က ကြားဝင် စုံစမ်းဖော်ထုတ်ပေးဖို့ အုပ်ထိန်းသူတွေဖြစ်တဲ့ ဦးထွန်းထွန်းထိုက်နဲ့ ဦးသင်းရွှေအောင်တို့က တောင်းဆိုလိုက်ပါတယ်။

ကိုဝင်းဇော်ထွန်း စွပ်စွဲဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က “နိုင်ငံတကာရဲကို တောင်းဆိုချင်တာက အမှုမှန်ကို ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပေးပါ။ အမှန်တကယ် လူသတ်သမားတွေကို ရှာဖွေပေးပါလို့ ဒီလိုပဲ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

610x343xKoh-Tao.jpg.pagespeed.ic_.E8vRFpeWEs-300x168ကိုဇော်လင်းရဲ့ ဦးလေးဖြစ်သူကလည်း "ကျနော်တို့နိုင်ငံက ဆင်းရဲလို့ သူများနိုင်ငံကို အလုပ်လုပ်ဖို့ သွားရတာပါ။ ပိုက်ဆံ တပြားတချပ်ကိုရဖို့၊ သမုဒ္ဒရာဝမ်း တထွာအတွက်ကို စားရပါစေဆိုပြီး သွားခဲ့ပါတယ်။ သူများနိုင်ငံမှာ ဒီလို ဓားစားခံ ဖြစ်ရတာ ကျနော်တော့ မကျေနပ်ဘူး” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံလူမှုကွန်ရက်တွေမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖော်ထုတ်မှုအပေါ် အားနည်းချက်တွေ ရှိတယ်လို့ လည်း ဝေဖန်ထောက်ပြနေတာတွေ ရှိနေပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာသံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ရှေ့နေတွေ ပူးပေါင်းပြီး လိုက်လံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

“ဗြိတိန်နိုင်ငံသား တယောက်နဲ့ ၂၁ နှစ်သားလေးတယောက် လူကောင်လည်း မကြီးဘူး။ သူ့အနေနဲ့ တိုက်ခိုက်မှုဆိုတာ သိပ်မဖြစ်နိုင်ဘူးထင်ပါတယ်။ လူတွေမှာ ဦးနှောက်ရှိတယ်၊ ခေါင်းရှိတယ်၊ စဉ်းစားကြည့်ရင် သိတယ်။ ကျနော်တို့လူမျိုးတွေကို စွပ်စွဲတာက သူတို့ခရီးသွားလုပ်ငန်းတွေ ပျက်စီးမှာစိုးလို့ သူတို့နိုင်ငံသားကိုဖယ်ပြီး တခြားနိုင်ငံသားလုပ်တယ်ဆိုပြီး ထိုးပေးမယ့်သဘောပါပဲ။”

ဗြိတိန်နိုင်ငံသား ၂ ဦး ထိုင်းနိုင်ငံမှာ အသတ်ခံရတာ ပတ်သက်ပြီး ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေနဲ့ လူမှုအသိုင်းအ၀ိုင်းတွေကပါ စောင့်ကြည့်နေကြတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာလည်း လူသတ်တရားခံ မဖြစ်နိုင်ဘူးလို့ သံသယရှိနေကြပါတယ်။

ကော့စမွီခရိုင်တရားရုံးမှာ လူသတ်မုဒိမ်းမှု ဖြောင့်ချက်နဲ့ ဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ သားဖြစ်သူတွေကို မိဘတွေက ထိုင်းမှာ သွားတွေ့ဖို့ ရှိနေပြီး ကော့ဆမွီခရိုင်အစိုးရကတော့ လုံခြုံရေးအရ ဖမ်းဆီးခံထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို မိဘတွေနဲ့သာ တွေ့ခွင့်ပေမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ၂ ဦးထံ သွားရောက်မယ့် မိဘဆွေမျိုးတွေရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေးအတွက် အထူးအစီအစဉ်နဲ့ ဆောင်ရွက်ပေးဖို့ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေထံ အကူအညီ တောင်းခံထားပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013