DVB Logo
Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် မိုးဗြဲတောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံ
DVB
·
November 13, 2024
လေကြောင်းရန်ကြောင့် မိုးဗြဲတောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံ
Donate to DVB

လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကြောင့် မိုးဗြဲမြို့နယ်မှာ ရေမနစ်မြုပ်ဘဲ ကျန်ရှိနေတဲ့ စပါးစိုက်ခင်းတွေကို တောင်သူတွေ ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေပါတယ်။ 

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်မှာ ယာဂီမုန်တိုင်းအကြွင်းအကျန်အရှိန်ကြောင့် တောင်ကျရေတွေနဲ့ စစ်ကောင်စီက မိုးဗြဲရေကာတာ ဖွင့်ချခဲ့တာတွေကြောင့် လနဲ့ချီ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သလို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ ရိတ်သိမ်းခါနီး နွေစပါးစိုက်ဧကပေါင်းများစွာ ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။

မိုးဗြဲမြို့နယ်မှာ ရေမမြုပ်ဘဲ ကျန်ရှိနေတဲ့ စိုက်ခင်းဧရိယာတချို့ ရှိပေမဲ့ ကောင်းကောင်း ရိတ်သိမ်းခွင့်မရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ မိုးဗြဲဒေသခံ တောင်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ ကြုံရတဲ့ အခက်ခဲကတော့ စစ်ကောင်စီဘက်က လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ပစ်ခတ်တာတွေကြောင့် စပါးတွေကို မရိတ်သိမ်းသင့်ဘဲ ရိတ်သိမ်းရတာတွေ ရှိပါတယ်။ ရိတ်သိမ်းပြီးတဲ့ စပါးတွေကိုလည်း လုံခြုံတဲ့နေရာမှာ သိုလှောင်ဖို့ကားကိုလည်း စျေးကြီးကြီးပေးငှားရတာတွေလည်း ရှိပါတယ်။ ပြီးတော့ စပါးစျေးတွေလည်း စျေးနှိမ်ပြီး ဝယ်ယူတဲ့ စီးပွားရေးသမားတွေနဲ့လည်း ကြုံနေရပါတယ်။ တချို့တောင်သူတွေက အခက်ခဲရှိလို့ စပါးကို စျေးနည်းနည်းလေးနဲ့ ရောင်းနေရတာမျိုးလည်းရှိပါတယ်။

လက်ရှိအချိန်မှာ မိုးဗြဲမြို့နယ်ကို စစ်ကောင်စီဘက်က မကြာခဏဆိုသလို စစ်ကြောင်းထိုးလာတာကြောင့် တောင်သူတွေဟာ ကြောက်လန့်နေရပြီး လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ရတာမျိုးတွေလည်း ရှိပါတယ်။

နွေဦးရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ခံက “အဓိကက စစ်‌ေ-တွေရဲ့ ခြိမ်းခြောက်မှုပေါ့။ စစ်ကြောင်းတွေကလည်း သူတို့က အဆမတန် ထိုးဖို့ပြင်ဆင်လာတာတွေ ရှိတယ်။ ဒရုန်းနဲ့ ဝေဟင်မှာ ပျံသန်းပြီးတော့မှ ဗုံးသီးတွေကို လိုက်ချတယ်၊ လေယာဉ်နဲ့လည်း လိုက်ခြိမ်းခြောက်တယ်၊ လက်နက်ကြီးနဲ့ အဆမတန် ထုတဲ့အခါကျတော့ တောင်သူတွေက စိုက်စားပျိုးစား လုပ်စားလို့ရတဲ့ နယ်မြေဒေသဘက်မှာတော့ ဆက်ပြီးတော့ ခိုလှုံခွင့်ရမှာ မဟုတ်တော့ဘူး။ ခဏလေး ရှောင်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ဖြစ်လာတယ်။ အနောက်ဘက်ခြမ်းကို ရောက်လာတယ်၊ တချို့ကလည်း အခက်အခဲကြားကနေ စိန်ခေါ်မှုကြားကနေ‌ စပါးဆက်ပြီး သိမ်းဆည်းနေတဲ့ တောင်သူတွေကလည်း ရှိနေသေးတယ်။ ဒါပေမဲ့ လုံခြုံမှု ပိုရှိစေနိုင်တဲ့ အနောက်ဘက်ခြမ်းကို အများကြီး ပြန်ရောက်လာကြပြီ” လို့ ပြောပါတယ်။

စစ်ရှောင်တောင်သူတွေအနေနဲ့ လုံလုံခြုံခြုံ စိုက်ပျိုးနိုင်မယ့်နေရာကို ရွှေ့ပြောင်းဖို့အတွက် လက်ရှိမှာတော့ တဲထိုးဖို့ မိုးကာတွေ၊ စားနပ်ရိက္ခာတွေနဲ့ သောက်သုံးရေအတွက် ရေလှောင်ကန်လုပ်ဖို့ သွယ်တန်းစရာ ရေပိုက်တွေလည်း လိုအပ်တယ်လို့ သိရပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ကရင်နီဒေသတွင်းမှာ  စစ်ဘေးရှောင်တွေရဲ့ ရိတ်သိမ်းခါနီး  နွေစပါးစိုက်ဧက သောင်းချီ ရေနစ်မြုပ်ပျက်စီးခဲ့ပြီး ရေဘေးကြောင့် နေရာကျဉ်းသွားတဲ့ ကြွက်တွေဟာ ရေနစ်မြုပ်ခြင်းမရှိဘဲ ကျန်ရှိနေတဲ့ စိုက်ခင်းတွေကို လိုက်လံဖျက်ဆီးနေတဲ့ ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့နေရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013