DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးသမ္မတ ဟက်ဇော့ခ်တို့ အိမ်ဖြူတော်၌တွေ့ဆုံ
DVB
·
November 13, 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးသမ္မတ ဟက်ဇော့ခ်တို့ အိမ်ဖြူတော်၌တွေ့ဆုံ
Donate to DVB

အစ္စရေးသမ္မတ အိုင်းဇက်ဟက်ဇော့ခ်ဟာ နိုဝင်ဘာ ၁၂ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ လုံခြုံရေးအပြင် အစ္စရေးနိုင်ငံတော်ရဲ့ လုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ ရည်မှန်းချက်တွေ ပြည့်မီစေဖို့ အမေရိကန်အစိုးရရဲ့ ကတိကဝတ်တွေကို ဇန်နဝါရီ ၂၀ ရက်မှာ သက်တမ်းကုန်ဆုံးတဲ့အထိ လုပ်ဆောင်ပေးဖို့ကို အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ 

အမေရိကန်သမ္မတ ဘိုင်ဒင်ဟာ အစ္စရေးသမ္မတ ဟက်ဇော့ခ်ကို အမေရိကန် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန်မှာ အစ္စရေးသမ္မတ အိုင်းဇက်ဟက်ဇော့ခ် က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို သူ့ရဲ့ အားပေးပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သူတို့ဟာ အစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး အလွန်ကို အကျိုးဖြစ်ထွန်းပါတယ်လို့ ဟက်ဇော့ခ်က အစည်းအဝေးအပြီး အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးသမ္မတဟာ လက်ဘနွန်၊ ဂါဇာနဲ့ အီရန် တို့အပါအဝင် အဓိကအာရုံစိုက်စရာ နယ်ပယ်တွေအပြင် အရှေ့အလယ်ပိုင်းရဲ့ လမ်းကြောင်းကို ပြန်လည်ပုံဖော်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုတွေကို အလေးပေး ဖော်ပြခဲ့ပါတယ်။ 

ဟက်ဇော့ခ်က ကာလတိုအတွင်း အလားအလာရှိတဲ့ တိုးတက်မှုတွေနဲ့ပတ်သက်လို့ အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မကြာခင်ကာလ၊ လာမယ့်ရက် အနည်းငယ်အတွင်း ဒီကြိုးပမ်းမှုတချို့အတွက် ရလဒ်တွေကို မြင်တွေ့နိုင်လိမ့်မယ်လို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါကြောင်းလည်း ပြောဆိုပါတယ်။ 

နောက်ဆက်ခံမယ့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ‘အဓိကရည်ရွယ်ချက်’ ဟာ အီရန် ဖြစ်သင့်ကြောင်းနဲ့ အီရန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မပြည့်ဝအောင် သေချာလုပ်ဆောင်ပေးသင့်တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။ 

ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတရာထူး နှစ်ခုစလုံးကို ရီပတ်ဘလစ်ကန်တွေက ချုပ်ကိုင်နိုင်ခဲ့တဲ့ လတ်တလော ရွေးကောက်ပွဲတွေအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အသွင်ကူးပြောင်းရေး ကာလနဲ့အတူ အလွန်အရေးကြီးတဲ့ ကာလမှာ အစ္စရေးနဲ့ အမေရိကန် သမ္မတ ၂ ယောက်တို့ တွေ့ဆုံခဲ့ကြတာပါ။ 

သတင်းရင်းမြစ်တွေအရ အမေရိကန် အထက်လွှတ်တော်အမတ် မာကို ရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖွယ်ရှိနေတဲ့ ထရမ့်ပ်ကိုလည်း ဇန်နဝါရီလ ရာထူးတာဝန်ယူချိန်မှာ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာတို့ကို ဆန့်ကျင်တိုက်ခိုက်နေရတဲ့ အစ္စရေးကို အခိုင်အမာ ထောက်ခံမှုပေးဖို့ မျှော်လင့်ထားပါတယ်။

အုပ်ချုပ်ရေးပိုင်းမှာ အပြောင်းအလဲ ရှိလာပေမဲ့ အရှေ့အလယ်ပိုင်းရှိ အဓိကပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို လက်ရှိအတိုင်း ဆက်သွားပေးဖို့ ဟက်ဇော့ခ်ရဲ့ မှတ်ချက်တွေက အကြံပြုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013