DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ အတွင်း ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု စံချိန်တင်
DVB
·
November 13, 2024
၂၀၂၄ အတွင်း ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု စံချိန်တင်
Donate to DVB

ရုပ်ကြွင်းလောင်စာလောင်ကျွမ်းမှု အပါအဝင် ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်စေပြီး ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု စံချိန်တင်ခဲ့ကြောင်း သိပ္ပံပညာရှင်တွေက နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။ 

အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ COP29 ရာသီဥတုပြောင်းလဲမှု ထိပ်သီးအစည်းအဝေးပွဲက ကမ္ဘာ့ကာဗွန်ဘတ်ဂျက်အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၄၁ ဒသမ ၆ ဘီလီယံမက်ထရစ်တန် ရှိခဲ့ကာ ပြီးခဲ့တဲ့နှစ်က ထုတ်လွှတ်ခဲ့တဲ့ ၄၀ ဒသမ ၆ ဘီလီယံထက် ပိုများနေပါတယ်။ 

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု အများစုဟာ ကျောက်မီးသွေး၊ ဆီနဲ့ ဓာတ်ငွေ့တွေရဲ့ လောင်ကျွမ်းမှုကြောင့် ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ၃၇ ဒသမ ၄ ဘီလီယံတန် ရှိကာ ၂၀၂၃ ခုနှစ်ကထက် ၀ ဒသမ ၈ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုအနက် ကျန်တဲ့ထုတ်လွှတ်မှုတွေထဲမှာ တောင်ယာရှင်းလင်းခြင်းနဲ့ တောမီးလောင်ကျွမ်းခြင်းတွေ ပါဝင်ပါတယ်။ 

ဒီအစီရင်ခံစာကို ဗြိတိန်ရှိ အိတ်ဆီတာတက္ကသိုလ်က ဦးဆောင်ပြီး အဖွဲ့အစည်း ၈၀ ကျော် ပူးပေါင်းပြုစုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတွေဟာ ၂၀၁၅ ပါရီသဘောတူညီမှုအရ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်ထက် မပူအောင်ကြိုးစားဖို့ သဘောတူခဲ့ပါတယ်။ 

ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ အဖြစ်အပျက်တွေ မကြုံတွေ့ရအောင် လက်ရှိအချိန်ကနေ ၂၀၃၀ ခုနှစ်အထိ နှစ်တိုင်း ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ လိုအပ်နေပါတယ်။ 

ကမ္ဘာမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု ပိုများလာတာနဲ့ပတ်သက်ပြီး COP29 ဥက္ကဋ္ဌ ရုပ်ကြွင်းလောင်စာတွေ သုံးစွဲမှုများတဲ့ အနောက်နိုင်ငံများကို ပြစ်တင်ထားပါတယ်။ 

ကမ္ဘာ့မှာ လောင်စာဆီသုံးစွဲမှုအများဆုံး အမေရိကန်နိုင်ငံက ကာဗွန်ထုတ်လွှတ်မှု ဒီနှစ်မှာ ၀ ဒသမ ၆ ရာခိုင်နှုန်း လျှော့နိုင်မယ်လို့ မျှော်လင့်ရပြီး ဥရောပသမဂ္ဂက ၃ ဒသမ ၈ ရာခိုင်နှုန်း ထုတ်လွှတ်မှု ကျဆင်းခဲ့ပါတယ်။ 

ဒီနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ 

ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောင်ဆိုက်ထုတ်လွှတ်မှု အများဆုံးကတော့ လောင်စာဆီ သုံးစွဲမှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဖြစ်ပြီး ၀ ဒသမ ၂ ရာခိုင်နှုန်း တိုးလာပါတယ်။  တရုတ်နိုင်ငံမှာ လျှပ်စစ်ကားတွေ အသုံးများပေမဲ့ လောင်စာဆီအသုံးပြုမှု အမြင့်ဆုံးကို ရောက်နေတယ်လို့ ဖော်ပြပါတယ်။ 

ဒီနှစ်အတွင်း နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ သင်္ဘောတွေက ထုတ်လွှတ်မှုက ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်က လေကြောင်းလိုင်း ခရီးစဉ် အသုံးပြုမှုကျဆင်းခဲ့ပေမဲ့ အခုအချိန် ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013