
ဟေတီနိုင်ငံမြို့တော် ပို့ထ်အောပရင့်စ်မြို့ဆီ ပျံသန်းမယ့် Spirit လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ နိုဝင်ဘာ ၁၁ ရက်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရလို့ အိမ်နီးချင်း ဒိုမီနီကန်သမ္မတနိုင်ငံဆီ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။
ဒိုမီနီကန်မြောက်ပိုင်းမြို့ ဆန်တီယာဂိုမှာ ဆင်းသက်ရင်း လေယာဉ်ပျက်စီးခဲ့ကာ လေယာဉ်အမှုထမ်း တယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့လို့ တာဝန်ဆက်မထမ်းဆောင်နိုင်တော့ဘဲ နုတ်ထွက်ခဲ့ရကာ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ Spirit လေကြောင်းလိုင်းနဲ့ မိုင်ယာမီ ဟားရဲလ်ဒ် သတင်းဌာနက ဖော်ပြထားပါတယ်။
ပို့ထ်အောပရင့်စ်မြို့တော်နဲ့ ဟေတီနိုင်ငံမြောက်ပိုင်းက ကပ်ဟေတီယံမြို့တွေဆီ လေယာဉ် ပျံသန်းမှု ခရီးစဉ်တွေကို ဆိုင်းငံ့ထားတယ်လို့ Spirit က ပြောပါတယ်။
တနင်္လာနေ့မှာ Spirit လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို သူတို့လာခဲ့တဲ့ ဖို့ထ်လောက်ဒါဒေးမြို့ဆီ တခြားလေယာဉ်နဲ့ ပြန်ခေါ်သွားမယ်လို့ Spirit က ပြောပါတယ်။
ဟေတီမြို့တော်က လက်နက်ကိုင်ဂိုဏ်းတွေဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်းက လေယာဉ်တစီးကို ပစ်ခတ်ခဲ့ပြီး လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့တာပါ။
ပြီးခဲ့တဲ့လက ကုလသမဂ္ဂရဲ့ ရဟတ်ယာဉ်တစီး ဟေတီမြို့တော်မှာ ပစ်ခတ်ခံခဲ့ရပါတယ်။ ဒိုမီနီကန်သမ္မတ လူးဝစ် အဘီနာဒါက သူ့နိုင်ငံဟာ ဟေတီဂိုဏ်းတွေကို အကြမ်းဖက်ဂိုဏ်းတွေ အဖြစ် သဘောထားပြီး တူညီတဲ့ သတ်မှတ်ချက် စကားရပ်တွေနဲ့ ကြေညာဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။
Source: Reuters