
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် Dance Your Style အကပြိုင်ပွဲကြီးမှာ ဗီယက်နမ်အကသမား အမ်တီပေါ့ပ်ဟာ ပြင်သစ်နိုင်ငံသား ရူးဘစ်ကို နောက်ဆုံးဖိုင်နယ်အဆင့်မှာ အနိုင်ယူပြီး ပြီးခဲ့တဲ့စနေ့နေ့က ချန်ပီယံဖြစ်လာခဲ့ပါတယ်။
Popping အကအမျိုးအစားနဲ့ လူသိများတဲ့ ဗီယက်နမ်နိုင်ငံသားနဲ့ ဟစ်ဟော့ပ်စတိုင် အကသမား ရူးဘစ်တို့ ရင်ဆိုင်အတွေ့မှာ အမ်တီပေါ့ပ်က ပရိသတ်အများစုရဲ့ မဲပေးရွေးချယ်ခံခဲ့ရတာပါ။
ဒီဖိုင်နယ်ပွဲစဉ်မတိုင်ခင် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၄၈ နိုင်ငံက အကသမားတွေဟာ ပြိုင်ပွဲပေါင်း ၁၄၅ ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ၁၆ ယောက်သာ နောက်ဆုံးအဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။
အဲဒီထဲက နောက်ဆုံး ၈ ယောက်ကိုတော့ ပရိသတ်တွေရဲ့ မဲနဲ့ရွေးချယ်ခဲ့တာ ဖြစ်ပြီး NSCI အားကစားရုံကြီးအတွင်း ပရိသတ်ဦးရေ ၅,၅၀၀ လောက်ရှေ့မှာ ဒိုင်လူကြီးတွေမပါဘဲ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒီအကသမားတွေဟာ ကြိုတင်ပြင်ဆင်ထားတဲ့ ကဟန်တွေနဲ့ ကြိုပြီးရွေးချယ်ထားတဲ့ သီချင်းတွေမပါဘဲ ဖန့်ခ်၊ ပေါ့ပ်၊ ရော့ခ်၊ ဟစ်ဟော့ပ်နဲ့ ဒစ္စကို စသဖြင့် ကျပန်းဖွင့်ပေးတဲ့ တီလုံးအတိုင်း လက်တန်း ဖျော်ဖြေရတာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် အမ်တီပေါ့ပ်ဟာ ဒီပြိုင်ပွဲရဲ့ စတုတ္ထမြောက်ချန်ပီယံဆုရှင် ဖြစ်လာခဲ့သလို ဗီယက်နမ် နိုင်ငံသားတယောက်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိမှုလည်းဖြစ်ပါတယ်။
Source: Reuters










