DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု တရားမျှတရန် ထိုင်းလွှတ်တော်ကို တောင်းဆိုမည်
DVB
·
October 14, 2014
လိပ်ကျွန်းလူသတ်မှု တရားမျှတရန် ထိုင်းလွှတ်တော်ကို တောင်းဆိုမည်
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ ဖမ်းဆီခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးကိစ္စ  တရားမျှတမှုရှိဖို့ ထိုင်းလွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ တင်ပြမယ့်အဆိုကို  ပြည်ထောင်စုလွှတ်တော်မှာ  အောက်တိုဘာ ၁၃ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးခင်မောင်ရီက အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ  အရေးကြီးအဆို တင်သွင်းခဲ့ပြီး ဒီအဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ယောက်ဟာ  တရားဥပဒေရဲ့ ရှေ့မှောက်မှာ မျှတသော လူသားအခွင့်အရေး ရရှိရမှာ  ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်နေဖြင့်လည်း အဲ့ဒီအမှုကိစ္စကို အလေးထား လေ့လာနေတယ်လို့ ပြည်ထောင်စုလွှတ်တော်၊ နာယက သူရဦးရွှေမန်းက ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပက်သက်ပြီး  ပြည်ထောင်စုလွှတ်တော်မှာ ဦးခင်မောင်ရီက “လူငယ်နှစ်ဦးကို တရားခံအနေနဲ့ ဖမ်းဆီးချုပ်နှောင်ပြီး အမှုစွဲဆို တင်ပြတဲ့ကိစ္စဟာ အမှုတခုရဲ့ ဖြစ်စဉ်ဖြစ်ရပ်အရ အမှုသွားအမှုလာကို ကြည့်ပြီးတော့ လူသက်သေ၊ ပစ္စည်းသက်သေ၊ အထောက်အထားအခိုင်အလုံနဲ့ အမှုတည်ဆောက်ပြီး တင်ပြဖို့ လိုသလို၊ တရားရုံးကလည်း မျှမျှတတ နှစ်ဖက်ကြားနာပြီးတော့မှ စီရင်ချက်ချရမှာဖြစ်ပါတယ်။ အဲလို ပြစ်ဒဏ်စီရင်ခြင်း မခံရမီအချိန်ထိ တရားခံမဟုတ်ဘူးဆိုတဲ့၊ တရားခံလိုဆက်ဆံလို့ မရဘူးဆိုတဲ့နိုင်ငံတကာ ထုံးတမ်းစဉ်လာလည်း ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးအနေနဲ့ ပြည်သူများအမှန်တကယ် ဆန္ဒရှိနေကြတဲ့ ဒီကိစ္စကို လွှတ်တော်တရပ်လုံးအမြင်နဲ့ ဆောင်ရွက်သင့်တယ်လို့ ကျနော်အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်” လို့ တင်ပြသွားပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့  မြန်မာနိုင်ငံသား အဝေးရောက်လုပ်သားတွေကို  နိုင်ငံအနေနဲ့ အကာအကွယ်ပေးနိုင်မှု နည်းပါးခဲ့ကြောင်း၊ အဆိုတင်သွင်းတာကတောင် နောက်ကျနေသေးကြောင်း ပြောပြပါတယ်။

“အဲဒီကိစ္စဆို တကယ်တော့ ဒီအခြေအနေထက် ပိုပြီးတော့ စောစောလေး ဖြစ်ဖို့ကောင်းတယ်။ အခုရှိတဲ့အခြေအနေမျိုးမှာ မြန်မာနိုင်ငံကနေပြီး အဝေးကို သွားအလုပ်လုပ်နေရတဲ့သူတွေက နိုင်ငံထဲကနေပြီး တကယ့်အကာကွယ်ပေးနိုင်မှုများ အများကြီး အားနည်းတဲ့အနေအထားမျိုးရှိတယ်။ ဒီအမှုမှာဆိုရင်လည်း သူတို့ အမှုတင်တယ်။ စာမျက်နှာပေါင်း ၈၅၀ လောက်တင်လိုက်ပြီးမှ ဒါကလည်း မပြည့်စုံဘူးဆိုပြီးဖြစ်တယ်။ ဘာပဲပြောပြော အမှုကို ကြားနာစစ်ဆေးတဲ့အခါမှာ တို့နိုင်ငံသားတွေအနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ဖြစ်လာတယ်။ အဲလိုဖြစ်တာတွေကို နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ဥပဒေပြုလွှတ်တော်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် တို့ရဲ့ ပုံရိပ်အားဖြင့်တော့ အကာကွယ်ပေးဖို့ လိုအပ်တယ်။”

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ ကတော့ ဒီလိုအဆိုတင်သွင်းတာဟာ လိပ်ကျွန်းအမှုကို မီဒီယာတွေကသာမက လွှတ်တော်ကပါ စောင့်ကြည့်နေတာ ဖြစ်ကြောင်းပြရာရောက်သလို တရားမျှတမှုရှိ လာနိုင်တယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ လွှတ်တော်ဥက္ကဋ္ဌကို ဒီကိစ္စကို ကျနော်တို့က စောင့်ကြည့်လျက်ရှိပါတယ်။ တရားမျှတမှုရှိစွာနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါတယ်ပေါ့၊ ဒီလိုမျိုးပို့လိုက်ရင် သူတို့အနေနဲ့ ပိုပြီး attention ဖြစ်တယ်။ လွှတ်တော်ကရော၊ အစိုးရကရော၊ မီဒီယာတွေကရော ဒီကိစ္စကို စောင့်ကြည့်နေတယ်ဆိုတာ သိစေချင်လို့။ ပိုပြီး attention ဖြစ်တယ်။ တရားမျှတပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်တာကို လိုချင်တာပေါ့။ ကျနော်တို့အားလုံးကြားတာက ဒီကလေးတွေက နှိပ်စက်ခံရတယ်။ စကားပြန်တွေကလည်း ၀ိုင်းထိုးတယ် ဘာညာဆိုတော့။”

ထိုင်းနိုင်ငံလိပ်ကျွန်းက ဗြိတိသျှစုံတွဲ အသတ်ခံရမှုနဲ့ပက်သက်ပြီး မြန်မာ အလုပ်သမား နှစ်ဦးအပေါ် စွပ်စွဲထားတဲ့အပေါ်  မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ မေးခွန်းထုတ်နေကြပြီး  ပြည်တွင်းပြည်ကက မြန်မာ အသိုင်းအ၀ိုင်းကလည်း တရားမျှတအောင်စီမံပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိပါတယ်။

လိပ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး မြန်မာ၊ ထိုင်း၊ ဗြိတိန်နိုင်ငံက တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ ပထမဆုံးအကြိမ် သုံးဖွဲ့စုံညီ ဒီနေ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဗြိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို သက်ဆိုင်ရာရှေ့နေများကောင်စီက လက်ခံလိုက်ပြီး တရားရုံးကို တင်တော့မယ်လို့ မနေ့က ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013