
ပြည်တွင်း ပြည်ပက လွတ်လပ်တဲ့ ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ - Arakha Press Council (APC) ကို စတင်ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ ဒီကနေ့ ဇွန် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အာရက္ခမီဒီယာကောင်စီ (APC) ကို ပြည်တွင်း ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမား ၃၃ ယောက်နဲ့ ဇွန် ၁၄ ရက်မှာ အစည်းအဝေးကျင်းပပြီး တညီတညွတ်တည်း တရားဝင် အတည်ပြု ဖွဲ့စည်းတည်ထောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
APC အနေနဲ့ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမား ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်း ကျင့်သုံးရေးနဲ့ သတင်းစာပညာဆိုင်ရာ အရည်အသွေး ကဏ္ဍစုံမြှင့်တင်ရေးတို့ကို အဓိကတာဝန်ယူ ဆောင်ရွက်သွားမှာလို့ ဆိုထားပါတယ်။
ဒါ့အပြင် အာရက္ခမီဒီယာကောင်စီကို လွတ်လပ်တဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ဖို့နဲ့ ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ အဖွဲ့အစည်းတခုဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
APC ပြောရေးဆိုခွင့်ရှိသူ ကိုတေဇာအောင်က “APC ကို ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သတင်းသမားတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်တွေ၊ သတင်းလွတ်လပ်ခွင့်တွေကို ပိုပြီးတော့ ရရှိဖို့အတွက်ပါ။ နောက်ပြီးတော့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အကာအကွယ် ရရှိနိုင်ဖို့အတွက် ဒါကိုဖွဲ့စည်းရတာ ဖြစ်ပါတယ်။ လက်ရှိမှာက ရခိုင်မှာက သတင်းဌာနတွေလည်း များတယ်၊ သတင်းထောက်တွေလည်း များတဲ့အတွက် ဒါကို တစုတစည်းတည်းဆိုရင် ရေရှည်မှာ ပိုကောင်းမွန်ဖို့အတွက် ဖွဲ့တာပါ။ တကယ်လို့ ရခိုင်က သတင်းသမားတွေမှာ စိန်ခေါ်မှုတွေရှိလာရင် ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲပေါ့နော်၊ ဒါတွေကိုလည်း ကြိုးစားဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့လိုက်ရတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ မီဒီယာအသိုက်အဝန်းတွေနဲ့လည်း အပြုသဘောဆောင်တဲ့ ချိတ်ဆက်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ ရခိုင်ပြည်က သတင်းသမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ခုလို အဖွဲ့အစည်းတရပ် ပေါ်လာတာကို ကြိုဆိုပါတယ်လို့ မြေပြင်ရှိ အမျိုးသမီး သတင်းထောက်တယောက်က ပြောပါတယ်။
“မြေပြင်မှာ အသက်နဲ့ရင်းပြီး စစ်ပွဲတွေကြားမှာ သတင်းလိုက်နေရတဲ့ ရခိုင်သတင်းသမားတွေအတွက် အခုလို မီဒီယာကောင်စီတခု ပေါ်ပေါက်လာတာကို ကြိုဆိုပါတယ်။ ဒါဟာ ဒေသတွင်း သတင်းစီးဆင်းမှု ပိုမိုအားကောင်းလာဖို့နဲ့ သတင်းသမားတွေရဲ့ အခွင့်အရေးတွေ၊ သတင်းရယူပိုင်ခွင့်နဲ့ လွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ဖို့ ခြေလှမ်းကောင်းတခုလို့ မြင်ပါတယ်။”
လက်ရှိမှာ APC ကို ယာယီကော်မတီတွေနဲ့ လည်ပတ်နေပြီဖြစ်ကာ ကောင်စီရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို စနစ်တကျ ရေးဆွဲချမှတ်နေကာ ညီလာခံမှာ အတည်ပြု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
APC အနေနဲ့ အဖွဲ့ဝင်လိုတဲ့ ရခိုင်သတင်းသမားတွေ အားလုံးကို ဖိတ်ခေါ်နေဆဲဖြစ်ပြီး မကြာခင်မှာဘဲ အဖွဲ့ဝင်အားလုံး စုံစုံညီညီနဲ့ ညီလာခံတရပ်ကျင်းပကာ ပိုမိုကျစ်လျစ် ခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကေခိုင်










