
ရူးဘစ်ကုဗတုံး တီထွင်မှု အနှစ် ၅၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တီထွင်သူ အာနိုးရူးဘစ်နဲ့ အတူ ရူးဘစ် ကမ္ဘာ့ချန်ပီယံတွေ၊ ထင်ရှားသူတွေ စုဝေးကျင်းပခဲ့ကြပါတယ်။
ဟန်ဂေရီ နိုင်ငံသား ပါမောက္ခ ရူးဘစ်ရဲ့ နာမည်ကို အစွဲပြုပြီး Rubik's Cube လို့ ကမ္ဘာတလွှားမှာ လူကြိုက်များ ထင်ရှားတဲ့ ပဟေဠိကစားနည်းမှာ ဖြစ်နိုင်ခြေရှိတဲ့ ပေါင်းစပ်မှုပေါင်း ၄၃ ကွင်တီလီယံ (quintillion)လောက်ရှိပါတယ်။ ကွင်တီလီယံ ဆိုတာ ၁ နောက်မှာ သုည ၁၈ လုံး ကိန်းဂဏန်းဖြစ်ပါတယ်။
ရူးဘစ်ကုဗတုံးကို ၁၉၇၄ ခုနှစ်က စစ်အေးခေတ် ဟန်ဂေရီနိုင်ငံမှာ ကထိကဆရာ လုပ်ခဲ့တဲ့ ရူးဘစ်က တီထွင်ခဲ့တာ ဖြစ်ပါတယ်။
ဘူဒါပတ်စ်က နည်းပညာတက္ကသိုလ်တခုမှာ ဒီဇိုင်းဘာသာရပ်ဆိုင်ရာ ကထိကဖြစ်တဲ့ ရူးဘစ်က သင်္ချာသင်ထောက်ကူအနေနဲ့ သုံးစွဲဖို့ တီထွင်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေကြားမှာ အင်မတန်ရေပန်းစားတာကြောင့် ရူးဘစ်က သူ့ ကုဗတုံးကို မူပိုင်ခွင့်တင်ခဲ့ပြီး အဲဒီ ဆယ်စုနှစ်အကုန်မှာ ကမ္ဘာ့စျေးကွက်ကို တင်ခဲ့ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာတတလွှား အင်မတန်လူကြိုက်များတဲ့ ကစားနည်းတခုလည်းဖြစ်ခဲ့ပြီး တရားဝင် အခုရေ သန်း ၅၀၀ ကျော် ရောင်းချခဲ့ပြီးလည်းလည်း ဖြစ်ပါတယ်။
ကျပန်း ရူးဘစ်ကုဗတုံးတခုကို အရောင်ညီအောင်ဆက်နိုင်တဲ့ လက်ရှိကမ္ဘာ့စံချိန်က ၃ စက္ကန့်ကျော်ကျော်လေးဖြစ်ပြီး မက်စ်ပါ့ခါ ဆိုသူက တင်ထားတာဖြစ်ပါတယ်။
Source: Reuters











