
ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ်ကို အောက်တိုဘာလကစပြီး စစ်ကောင်စီက အင်အား ၄,၀၀၀ ကျော်လောက် ထပ်ပြီးဖြည့်တင်းနေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်တယောက်က “ပင်လောင်း၊ ဖယ်ခုံကတော့ စစ်ပွဲတွေ မပြတ်သလောက်ပဲ။ စစ်ရှိန်မြင့်နေတယ်တောက်လျှောက်။ လွိုင်ကော်ဘက်မှာလည်း ဆီဆိုင်လမ်းကြောင်းကနေ အင်အား ၄,၀၀၀ လောက် ထပ်ရောက်တယ်ကြားတယ်။ တပ်သားသစ် ၂,၀၀၀ လောက်ပါတယ်လို့ သတင်းရတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ရှမ်း ကရင်နီနယ်စပ်တွေဖြစ်တဲ့ ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့နယ်က ကျေးရွာတွေမှာ တိုက်ပွဲတလကျော်ကြာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်တွေမီးရှို့နေတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေကို PNO ပြည်သူ့စစ်တွေက ရိတ်သိမ်းတာနေတယ်လို့လည်း သိရပါတယ်။
ပင်လောင်းကလာတဲ့စစ်ကြောင်းက ဖယ်ခုံကိုစစ်ကြောင်းထိုးနေသလို လွိုင်ကော်က စစ်ကြောင်းကလည်း မိုးဗြဲကို စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “မိုးဗြဲမှာ သူတို့အင်အား တော်တော်ဖြည့်ထားတယ်လို့ ကြားတယ်။ မိုးဗြဲကနေ နန်းမယ်ခုံဘက်ကိုလည်း စစ်ကြောင်းထိုးမယ်ကြားနေရတယ်။ အတိအကျတော့ သိရတာမျိုးမဟုတ်သေးဘူး” လို့ ပြောပါတယ်။
ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး နှစ်ဖက်အထိအခိုက် အကျအဆုံးကိုတော့ အသေးစိတ်မသိရဘူး။











