DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တနှစ်အတွင်း တိုက်ခန်းငှားခ  ၂ ဆနီးပါးတက်
DVB
·
November 7, 2024
ရန်ကုန်တွင် တနှစ်အတွင်း တိုက်ခန်းငှားခ  ၂ ဆနီးပါးတက်
Donate to DVB

ရန်ကုန်မြို့မှာ အိမ်နဲ့ တိုက်ခန်းငှားရမ်းခတွေ ၁ နှစ်အတွင်းကို ၂ ဆနီးပါး မြင့်တက်သွားလို့ အခက်တွေ့နေကြတယ်လို့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

ဝါကျွတ်ကာလမှာ အိမ်ငှားဖို့ အခန်းရှာသူတွေ များသလို ပွဲစားတွေရဲ့ ဈေးကစားမှုကြောင့် အခန်းခတွေလည်း ဈေးဆက်လက်မြင့်တက်ခဲ့တာလို့ ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ တိုက်ခန်းငှားရမ်းနေထိုင်သူတယောက်က “မနှစ်က တသိန်းခြောက်သောင်းနဲ့ ငှားနေတဲ့အခန်းက အခု ဝါကျွတ်တော့ နှစ်သိန်းခုနစ်သောင်းဆိုပြီး ဈေးပြောင်းသွားတယ်။ ဆက်မငှားရင် တခြားသူကို ငှားမယ်ဆိုပြီး အိမ်ရှင်က ပြောတယ်။ အခုအချိန် အခန်းရှာဖို့က မလွယ်တော့ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး”လို့ ပြောပါတယ်။

ကန်ထရိုက်တိုက်တွေမှာ အရင် အပေါ်ဆုံးအထပ်ကို တလ ကျပ် တသိန်းကျော်လောက်ပဲ ရှိရာကနေ အခုဆို ကျပ် ၂ သိန်းအထက် ဈေးပေါက်နေတယ်လို့ အိမ်ငှားနေထိုင်သူတွေက ဆိုပါတယ်။

လက်ရှိမှာ အခန်းရှာသူတွေ များနေတာကြောင့် ပွဲစားနဲ့ အိမ်ရှင်တချို့က အခန်းဈေးကို အမြင့်ဆုံး သတ်မှတ်ထားလာကြတာလို့ သုဝဏ္ဏမှာ အိမ်ငှားနေသူတယောက်က ပြောပါတယ်။

“အခန်းလွတ်ကို ဈေးတင်တာတင် မဟုတ်ဘူး၊ လက်ရှိ နေနေတဲ့သူတွေကိုပါ သူတို့ လိုချင်တဲ့ မတန်တဆဈေးတိုးတောင်းတော့ ဒုက္ခရောက်တာပေါ့။ လူတွေက ဝင်ငွေသာ တိုးမလာတာ၊ အခန်းခနဲ့ စားသောက်စရိတ်တွေက မချိမဆံ့ တိုးနေတော့ နယ်ပြန်ပြောင်းရမလိုတောင် ဖြစ်နေပြီ။”

ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက် အခန်းငှားခတွေ တရိပ်ရိပ်တက်လာတာဖြစ်ပြီး ရခိုင်နဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသတချို့မှာ ဖြစ်ပေါ်တဲ့ စစ်ပွဲတွေကြောင့် တိမ်းရှောင်သူတွေ ရှိလာကာ အဲဒီအကျိုးဆက်အနေနဲ့ အခန်းငှားခတွေအပေါ်ရိုက်ခတ်မှုရှိခဲ့တယ် ပွဲစားတချို့က ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင် ဝင်ရောက်တာ နည်းလာပေမဲ့ အခန်းငှားခတွေကတော့ ဆက်တက်နေတာလို့လည်း သူတို့က ပြောပါတယ်။

မြင့်တက်လာတဲ့ အခန်းငှားခကို မတတ်နိုင်လို့ ပြောင်းမယ်ဆိုရင် တခြားအခန်းတွေလည်း ဈေးမကွာသလို ပွဲစားခ တလစာနဲ့ ပြောင်းရွှေ့စရိတ်ထပ်ပြီးကုန်ကျနိုင်လို့ ကြိတ်မှိတ်နေနေကြရတယ်လို့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အထွေထွေအကျပ်အတည်း ကြုံနေရတဲ့သူတွေကို အိမ်ရှင်တချို့က ကိုယ်ချင်းစာပြီး အခန်းခ တိုးမယူတာမျိုး ဖေးမမှုရှိပေမဲ့ အရေအတွက်အားဖြင့် အနည်းကျဥ်းသာ ဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013