DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လူမှုကွန်ရက်ပေါ် လှုံ့ဆော်စာရေးတင်သည်ဟု စွပ်စွဲပြီး တလအတွင်း ၁၉ ဦး ဖမ်းဆီးခံရ
DVB
·
November 5, 2024
ဧရာဝတီတိုင်းတွင် လူမှုကွန်ရက်ပေါ် လှုံ့ဆော်စာရေးတင်သည်ဟု စွပ်စွဲပြီး တလအတွင်း ၁၉ ဦး ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့စာတွေ ရေးတင်တာကြောင့်ဆိုပြီး အရပ်သား ၁၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့စာတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့တာကြောင့်လို့ စွပ်စွဲပြီး အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ နီးစပ်သူတယောက်က “စကစဘက်ကတော့ သူတို့ တားမြစ်ကန့်သတ်ထားတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေ ဖေ့စ်ဘွတ်ခ်ပေါ်တင်တာကြောင့်နဲ့ အကြမ်းဖက်အဖွဲ့လို့ သူတို့ကြေညာထားတဲ့ တော်လှန်ရေးအဖွဲ့တွေကို အားပေးတာကြောင့်ဆိုပြီး ဖမ်းတာ။ သူတို့ဖုန်းတွေပါ အသိမ်းခံထားရတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ တလအတွင်း နိုင်ငံတော်ဆူပူအောင် လုပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်ပြီး အွန်လိုင်းဈေးရောင်းသူတွေနဲ့ တောင်သူလယ်သမား သားသမီးတွေ အများဆုံးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေက လူငယ်တွေချည်းပဲလို့ သိရတယ်။ အမတို့ ကြံခင်း ကမ်းနားလမ်းထဲက ၂ ယောက်တောင် အဖမ်းခံရတာ။ အောက်တိုဘာ ၉ ရက်နေ့ကတည်းက အဖမ်းခံရတာ။ ဖုန်းတွေလည်း အသိမ်းခံထားရတယ်။ ဒီနေ့အထိ အဆက်သွယ်မရသေးဘူး။ ဥပဒေနဲ့အညီ ခုခံချေပခွင့် ရဖို့ပဲ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ ပုသိမ်၊ ကျောင်းကုန်း၊ မအူပင်၊ ဟင်္သာတ၊  ကြံခင်း၊ ဇလွန်၊ ရေကြည် စတဲ့ မြို့နယ်တွေထဲကနေ တလတွင်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့စာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်လို့ဆိုပြီး အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က ဥပဒေနဲ့အညီလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသူတွေလည်းရှိပြီး လက်ရှိအချိန်အထိ အမှုဖွင့်မခံရသေးတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013