
မိုက်ကယ် ဂျက်ခ်ဆင်၊ ဖရန့်ခ် ဆင်နားထရားနဲ့ ရေး ချားလ်စ် တို့လိုမျိုး နာမည်ကျော် အနုပညာရှင်တွေရဲ့ ထုတ်လုပ်သူဖြစ်တဲ့ ဂန္ထဝင်ဂီတပညာရှင်ကြီး ကွင်ဆီ ဂျုံးစ်ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
ဂျုံးစ်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ Bel Air လူကုံထံရပ်ကွက်ရှိ နေအိမ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က လူ့လောကကို “ငြိမ်းချမ်းစွာ ထွက်ခွာသွားပြီ” ဖြစ်ကြောင်း သူရဲ့ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် အတည်ပြုပါတယ်။
၇၅ နှစ်ကျော်ကြာ အနုပညာသက်တမ်းမှာ ဂရမ်မီဆုပေါင်း ၂၈ ခုနဲ့အတူ ဂျုံးစ်ဟာ ၂၀ ရာစုအတွက် လွှမ်းမိုးမှုအရှိဆုံးသော ဂျက်ဇ်-ဂီတပညာရှင်ကြီးတယောက်လည်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဆင်နားထရားရဲ့ ဂန္ထဝင်သီချင်းတပုဒ်ဖြစ်တဲ့ Fly Me To The Moon ကို ငြိမ့်ညောင်းတဲ့ပုံစံကနေ မြူးမြူးကြွကြွဖြစ်လာအောင် ပြန်လည်ဆန်းသစ်ပေးခဲ့တာမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်တနိုင်ငံတည်းမှာတင် အချပ်ရေ ၃၄ သန်းအထိ ရောင်းချခဲ့ရတဲ့ မိုက်ကယ် ဂျက်ခ်ဆင်ရဲ့ Thriller အပါအဝင် Off the Wall နဲ့ Bad စတဲ့ နာမည်ကြီး အယ်လ်ဘမ် တွေကိုပါ ထုတ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်မှာတော့ အမေရိကရဲ့ လူသိအများဆုံး အဆိုတော် ၄၆ ယောက်ကို ဂျုံးစ်က စုစည်းပြီး We Are the World သီချင်းအဖြစ် ဖန်တီးခဲ့တာဟာ သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက အီသီယိုးပီးယားနိုင်ငံမှာ အလွန်ဆိုးရွားလှတဲ့ အငတ်ဘေးဆိုက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ဂျုံးစ် တွဲဖက်ရေးသားထားတဲ့ သီချင်းနဲ့ ရန်ပုံငွေရှာပေးခဲ့တာ ဖြစ်ပါတယ်။
The Italian Job ရုပ်ရှင်နဲ့ တီဗီအစီအစဉ်ပေါင်း ၅၀ ကျော်ရဲ့ နောက်ခံတေးဂီတတွေကိုလည်း ဂျုံးစ်က ရေးစပ်ပေးခဲ့ပါသေးတယ်။
The Color Purple ရုပ်ရှင်ကားကြီးမှာ ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့တဲ့ ဂျုံးစ်က အိုပရာ ဝင်းဖရေးနဲ့ ဝှစ်ပီ ဂိုးလ်ဘာ့ဂ် တို့ကိုပါ စင်တင်ပေးနိုင်ခဲ့ပါတယ်။
ဂျုံးစ် ကွယ်လွန်ချိန်မှာ အိမ်ထောင်ဆက် ၃ ဆက်နဲ့အတူ သားသမီး ၇ ယောက် ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
Source : Reuters











