DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ၌ အွန်လိုင်းငွေလိမ်လည်ခံရမှုများပြားလာ၊ အာဆီယံ ၅ နိုင်ငံကို လိမ်လည်မှု အဓိကနေရာ အဖြစ် သတ်မှတ်
DVB
·
November 4, 2024
အိန္ဒိယ၌ အွန်လိုင်းငွေလိမ်လည်ခံရမှုများပြားလာ၊ အာဆီယံ ၅ နိုင်ငံကို လိမ်လည်မှု အဓိကနေရာ အဖြစ် သတ်မှတ်
Donate to DVB

အိန္ဒိယမှာ ဒစ်ဂျစ်တယ်အွန်လိုင်းငွေလိမ်လည်ခံရမှုတွေ များပြားလာနေပြီး လတ်တလောမှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်း စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို အဆိုပါ လိမ်လည်လှည့်ဖျားမှုတွေအတွက် အဓိကနေရာတွေအဖြစ် သတ်မှတ်ထားတယ်လို့ India Today သတင်းမှာ ဖော်ပြပါတယ်။

သတင်းဌာနက စုံစမ်းစစ်ဆေးမှုအရ လူကုန်ကူးသူတွေဟာ အိန္ဒိယနိုင်ငံသားတွေကို အလုပ်အကိုင် ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့ ဖျားယောင်းသွေးဆောင်ပြီးနောက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ဖို့ အတင်းအကျပ် ဖိအားပေး ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း အလုပ်အကိုင်ရှာဖွေတဲ့ နိုင်ငံသားတွေအတွက် အကြံပြုချက် ထုတ်ပြန်ထားပြီး ကမ္ဘောဒီးယားမှာ တရားမဝင်တဲ့ ‘ခရီးသွားဗီဇာ’ နဲ့ အလုပ်အကိုင် ရှာဖွေတာတွေ မပြုလုပ်ကြဖို့လည်း တိုက်တွန်းထားတာပါ။

“ကမ္ဘောဒီးယားမှာ အကျိုးအမြတ်များတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်ဆိုတဲ့ မက်လုံးပေးထားတဲ့ ကတိအတုတွေနဲ့ အိန္ဒိယနိုင်ငံသားတွေဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ ထောင်ချောက်တွေထဲ ကျရောက်နေကြပါတယ်။ အဲဒီ အိန္ဒိယနိုင်ငံသားတွေဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ တခြားသော တရားမဝင်လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အတင်းအကျပ် ဖိအားပေးခံနေရပါတယ်။”

လက်ရှိမှာတော့ ဒစ်ဂျစ်တယ် ငွေလိမ်လည်သူတွေရဲ့ IPDRs (Internet Protocol Detail Record) အရ သူတို့ရဲ့တည်နေရာကို ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပြီး အဆိုပါ လိမ်လည်မှုတွေကနေ ကောက်ခံရရှိတဲ့ ငွေတွေကို ဒူဘိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ATM စက်တွေက ထုတ်ယူကြောင်း တွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူတွေဟာ သူတို့ရဲ့ အေးဂျင့်တွေအတွက် အိန္ဒိယဆင်းမ်ကတ်တွေကို မှာယူကြပြီး ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကို ဆင်းမ်ကတ် ၄၅,၀၀၀ လောက် ပေးပို့ထားကြောင်း စုံစမ်းစစ်ဆေးမှုတွေအရ သိရပြီး နောက်ပိုင်းမှာတော့ အိန္ဒိယက အဆိုပါဆင်းမ်ကတ်တွေကို ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းတွေမှာ အသုံးပြုဖို့ အထူးပြုလုပ်ထားတဲ့ M2M ဆင်းမ်ကတ် ၃,၀၀၀ လောက်ကို သိမ်းဆည်းရမိခဲ့သေးတယ်လို့ ဆိုပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေအရ လိမ်လည်သူတွေဟာ ဒစ်ဂျစ်တယ် ငွေလိမ်လည်မှုတွေကတဆင့် နေ့စဉ် ရူပီးငွေ ၆ ကုဋေလောက် ခိုးယူနေကြတယ်လို့ သိရပြီး အခုနှစ် ပထမ ၁၀ လအတွင်း ရူပီးငွေ ကုဋေ  ၂,၁၀၀ ကျော်လောက် ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013