DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ရိုဟင်ဂျာများကို တရားမဝင်သယ်ဆောင်သည့် လူကုန်ကူးဂိုဏ်းခေါင်းဆောင်အား ဖမ်းမိ
DVB
·
November 4, 2024
ထိုင်းတွင် ရိုဟင်ဂျာများကို တရားမဝင်သယ်ဆောင်သည့် လူကုန်ကူးဂိုဏ်းခေါင်းဆောင်အား ဖမ်းမိ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ လန်ဆွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့လက ရိုဟင်ဂျာတွေကို အပြုံလိုက် ကားပေါ်ပြွတ်သိပ်တင်ဆောင်ပြီး အသက်ရှုကျပ် သေဆုံးသူရှိတာ၊ တောထဲစွန့်ပစ်ခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က တရားခံတွေ လိုက်လံစုံစမ်းဖမ်းဆီးနေရာမှာ လူကုန်ကူးဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဂိုဏ်းခေါင်းဆောင်မှာ အသက် ၃၀ အရွယ် နိုင်းဆုမ်ကစ် (ခ) ဘန်းဂေါ့ဖ် ဖြစ်ပြီး ထိုင်းအရှေ့ပိုင်း ကျန်ထပူရီခရိုင်၊ ကဲန်ဟန်မျောဝ်းမြို့နယ် ခွန်ဆောင့်အုပ်စု ကမ္ဘောဒီးယားနယ်စပ်အနီး ဘေးမဲ့တောဥယာဉ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဆာရုဒီ ခဝိုင်ဆိုဖားက အောက်တိုဘာ ၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် တရားခံ ၂ ယောက်ဖြစ်တဲ့ နိုင်းနာ့ဿ်ဝုဒ် ခေါ် နာ့ဿ် (၂၀ နှစ်) နဲ့ နိုင်းဖုန်းဖိစု (ခ) အိုင်းစ် (၂၀ နှစ်) တို့ကိုလည်း ဘန်ကောက်မှာ ဖမ်းမိခဲ့တယ်၊ သူတို့ကို ပြည်တွင်းကို ဥပဒေမဲ့ ဝင်ရောက်လာသူတွေကို ဝင်ရောက်လာနိုင်အောင်ကူညီမှု၊ အဖမ်းမခံရအောင် အကာအကွယ်ပေးမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် အောက်တိုဘာ ၁၈ ရက်ကတော့ တရားမဝင်ရိုဟင်ဂျာ ၂၆ ယောက်ကို ကွန်တိန်နာထဲ ထည့်ပြီး သယ်ဆောင်လာတဲ့ နိုင်းဆစ်ဆန် (၂၁ နှစ်) နဲ့ နိုင်းဖိထတ် (၃၀ နှစ်) တို့ကို ထိုင်းအနောက်ပိုင်း ဖစ်ချ်ဘူရီခရိုင် ချအမ်းမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့ပြီးဖြစ်တယ်။

သူတို့ ၂ ယောက်ဟာ ရိုဟင်ဂျာ ၂၆ ယောက်ကို ထိုင်းမြောက်ပိုင်း  တာ့ခ်ခရိုင်ကနေ  ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ကို ပို့ဆောင်ဖို့ သယ်လာစဉ် ကားထဲမှာ မွန်းကြပ်ပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်၊ သေဆုံးသူနဲ့ အသက်ရှူကြပ်လို့ နွမ်းနယ်အားပြတ်နေသူတွေကို တောထဲစွန့်ပစ်ပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို ဖမ်းဆီးစစ်ဆေးရာကနေ ဂိုဏ်းခေါင်းဆောင်နဲ့ အဖွဲ့သားတွေကို သိခဲ့ရတယ်၊ ဂိုဏ်းခေါင်းဆောင်ဟာ သူ့တပည့်တွေ အဖမ်းခံရတာကို သိတာနဲ့ ကမ္ဘောဒီးယားနယ်စပ်ဘက် ထွက်ပြေးပုန်းရှောင်နေလို့ ရက်အတန်ကြာမှ ဖမ်းမိတာလို့ ဆိုပါတယ်။

အဆိုပါ ၂၆ ယောက်ကို ဆုန်ခလာခရိုင် မလေးရှားနယ်စပ်ဆီ ပို့ပေးဖို့ ပွဲစားက လူတယောက် ဘတ် ၃,၀၀၀ နှုန်းနဲ့ စေခိုင်းခဲ့တယ်လို့ ဂိုဏ်းခေါင်းဆောင် နိုင်းဆုမ်ကစ်က ထွက်ဆိုပေမဲဲ့လည်း ရိုဟင်ဂျာတွေကတော့ ရခိုင်ပြည်ကနေ မလေးရှားအရောက် တယောက်ကို ဘတ် ၁၅၀,၀၀၀ ခန့် ပေးခဲ့ရတယ်လို့ ပြောပါတယ်။

မဲဆောက်တဖက်ကမ်း မြဝတီခရိုင်ထဲမှာလည်း ထိုင်းဘက်ကို ဝင်ရောက်လာဖို့ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာ ၃၀၀ လောက် ကျန်သေးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ရိုဟင်ဂျာအသိုက်အဝန်းခေါင်းဆောင် နိုင်းဆာယစ် အာရမ်ကတော့ လက်ရှိ ထိုင်းအကျဉ်းထောင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၇၀၀ နဲ့ ၈၀၀ ကြားမှာရှိပြီး အဖမ်းခံရတာ ၇ - ၈ နှစ်လောက် ကြာပေမဲ့ ပြန်မလွှတ်ပေးသေးဘူး၊ အခုဖြစ်တဲ့ကိစ္စမှာလည်း   အဖမ်းခံထားရသူတွေ၊ ဆေးရုံမဆင်းရသေးသူတွေအတွက်လည်း စိုးရိမ်တယ်၊ အမှန်က သူတို့ဟာလည်း တရားမဝင် ဝင်ရောက်လာတဲ့အပြစ်ပဲ ရှိတယ်လို့ ပြောပါတယ်။

မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရားမဝင် ဝင်ရောက်လာသူတွေဆို ခုလို နှစ်နဲ့ချီ ထောင်ထဲမှာ မနေရကြောင်း ထိုင်းအာဏာပိုင်တွေကတော့ သူတို့ဟာ နိုင်ငံမဲ့တွေမို့ ဘယ်ကိုပြန်ပို့ရမှန်း မသိဘူးလို့ ပြောပေမဲ့ အမှန်က သူတို့နေရပ်ဟာ မြန်မာပြည်ထဲမှာရှိတယ်လို့ Transborder news သတင်းဌာနကို ပြောသွားပါတယ်။

Source: Khaosod/ Transborder News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013