DVB Logo
Home
မြန်မာသတင်း
အွန်လိုင်း သွေးထိုး မြေပြင် စစ်ထိုး
DVB
·
November 4, 2024
အွန်လိုင်း သွေးထိုး မြေပြင် စစ်ထိုး
Donate to DVB

“အွန်လိုင်းပေါ် သွေးထိုးလှုံ့ဆော်မှုတွေကနေ မြေပြင်အကြမ်းဖက်မှုအထိ ရိုက်ခတ်လာစေသလား” ဆိုတဲ့ ဒစ်ဂျစ်တယ်လ် စုံစမ်းစစ်ဆေးဖော်ထုတ်ချက် စာတမ်းတခုကို DVB သတင်းဌာနကနေ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ဝေလိုက်ပါတယ်။

“မြေကျန်ရင် ရပြီ”၊ “ပြည်သူတွေက ဗုံးကြဲချဖို့ တောင်းဆိုနေကြတယ်”၊ “သန်း ၅၀ ကောင်းစားဖို့ ၅ သိန်းလောက်ကိုရင်း”၊ “တပ်ချုပ်ကြီးကိုပြောပေးပါ” … စတဲ့ ပြင်းထန်တဲ့ အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်နေတဲ့ အမုန်းစကားတွေကို စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ် ချန်နယ်တွေကနေ ဖြန့်ဝေခဲ့ပါတယ်။

ဒီလို အကြမ်းဖက်ဖို့ ဖြန့်ဝေမှုတွေနဲ့ပတ်သက်ပြီး DVB Fact Check က ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဇွန်အထိ ၆ လအတွင်း တယ်လီဂရမ်ချန်နယ် ၅ ခုက ဒေတာတွေကို စုစည်းခဲ့သလို ဒီ အွန်လိုင်းက အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေဟာ မြေပြင်က အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ OSINT Tools ဒစ်ဂျစ်တယ်နည်းပညာတွေ အသုံးပြုကာ ဆန်းစစ်ကြည့်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ ၂၀၂၄ ခုနှစ် ပထမ ၆ လတာအတွင်းမှာ အွန်လိုင်းအကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်မှုပေါင်း ၂၃၄ ခုအထိ ရှိခဲ့ပြီး ဒီလှုံ့ဆော်မှုတွေဟာ တကယ့်လက်တွေ့ မြေပြင်မှာပါ ပြည်သူတွေ သေဆုံးရတဲ့အထိ အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။

DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က “ဒီစာတမ်းက ၁၉၉၄ ခုနှစ်မှာ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုကို လှုံ့ဆော်ခဲ့တဲ့ ရဝမ်ဒါ ရေဒီယိုဌာန RTLM ဖြစ်စဉ်ကို ပြန်အမှတ်ရစေပါတယ်။ သူတို့ကတော့ သူတို့ပြောချင်တာ စိတ်ကြိုက်ဝါဒဖြန့်လို့ ရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကုလသမဂ္ဂ စစ်ရာဇဝတ်မှု တရားရုံးကနေ စွဲချက်တင်ပြီး နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံခဲ့ကြရပါတယ်။ မြန်မာပြည်မှာ အရပ်သား ပြည်သူတွေကို ထိခိုက်အောင် အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေကြတာပဲ ဆိုတာကို သိစေချင်ပါတယ်” လို့ ပြောပါတယ်။

DVB Digital - Fact Check တာဝန်ခံ ဦးပြည့်စုံက “စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်ကျော်အတွင်း မြေပြင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာသလိုပဲ အွန်လိုင်းပဋိပက္ခတွေလည်း ပိုပြင်းထန်လာပါတယ်။ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို တိုက်ခိုက်ရေးလက်နက်သဖွယ် အကာအကွယ်ယူပြီးတော့ မြို့ရွာတွေ၊ အရပ်သားပြည်သူတွေ ထိခိုက်ဆုံးရှုံးသွားအောင် အကြမ်းဖက်ဖို့ အွန်လိုင်းကနေ သွေးထိုးလှုံ့ဆော်မှုတွေဟာ စစ်ရာဇဝတ်မှုရဲ့ သက်သေပြချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို အတိုင်းအတာတခုထိ ထိန်းချုပ်ဖယ်ရှားနိုင်အောင်၊ တချိန်ချိန်မှာ ကျူးလွန်ခဲ့သမျှ အကြမ်းဖက်ပြစ်မှုတွေကို အရေးယူလာနိုင်အောင် အခုစာတမ်းကနေ အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အွန်လိုင်းကနေ အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်တဲ့အထဲမှာ စစ်ကိုင်းတိုင်းအတွင်း ဗုံးကြဲဖို့ စစ်ကြောင်းထိုးဖို့ ရေးသားမှုတွေက အများဆုံးဖြစ်တဲ့အပြင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊  တနင်္သာရီတိုင်းနဲ့ ကရင်နီဒေသတွေလည်း ပါဝင်ပါတယ်။

(တိုင်းနှင့် ပြည်နယ်အလိုက် အကြမ်းဖက်ရန် သွေးထိုးလှုံ့ဆော်နေသည့် အကြိမ်ရေပြဇယား)

လှုံ့ဆော်သည့်အကြိမ်ရေ

အွန်လိုင်းကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ နေရာတွေဟာ ရက်မခြားဘဲ ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာပဲ တကယ့်လက်တွေ့ မြေပြင်မှာ အကြမ်းဖက်ခံရတာကို သက်သေပြချက် ၄  ခုနဲ့အတူ DVB Fact Check က “အွန်လိုင်း သွေးထိုး မြေပြင် စစ်ထိုး” Digital Investigative Report ကို ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

DVB Fact Check က ဖော်ထုတ်ရေးသားထားတဲ့ အွန်လိုင်းကနေ အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်မှုတွေအပြီး‌ မြေပြင်မှာ အမှန်တကယ် အကြမ်းဖက်ခံရတဲ့ သက်သေပြချက် ဖြစ်စဉ် ၄ ခုဟာ မန္တလေးတိုင်း ရွာရှည်ကျေးရွာနဲ့ မိုးကုတ်မြို့၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေထဲက ရွာရှည်ရွာကို အကြမ်းဖက်ဖို့အတွက် အွန်လိုင်းကနေ သွေးထိုးလှုံ့ဆော်မှုတွေဟာ ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့မှာ တယ်လီဂရမ်ချန်နယ်တွေ ကနေ သွေးထိုးလှုံ့ဆော်ခဲ့တာဖြစ်ပြီး နောက် ၃ ရက်အကြာ မေ ၁၄ ရက်နေ့မှာတော့ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမှန်တကယ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၅ ယောက်ဟာလည်း မီးလောင်ပြင်မှာ သေဆုံးခဲ့ရပါတယ်။

ဒီလို ရွာရှည်ကျေးရွာ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး DVB Fact Check က ရွာရှည်ရှာရဲ့ ကိုဩဒိနိတ်အမှတ်ဖြစ်တဲ့ (21.6756897,95.41652679) ကို ကမ္ဘာအနှံ့က မီးလောင်တဲ့နေရာတွေကို ကြည့်ရှုနိုင်တဲ့ NASA Firms မှာ ထည့်သွင်း စစ်ဆေးကြည့်တဲ့အခါမှာ မေ ၁၄ ရက်နေ့မှာ အမှန်တကယ် မီးလောင်မှုဖြစ်ပွားခဲ့တာ စစ်ဆေးတွေ့ရှိရသလို သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ရွာရှည်ကျေးရွာ မီးလောင်ခံရတဲ့ ဓာတ်ပုံတွေကို စစ်ဆေးကြည့်တဲ့အခါမှာလည်း မီးရှို့ခံရတဲ့နေရာဟာ ရွာရှည်ကျေးရွာ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အွန်လိုင်းပေါ်က အကြမ်းဖက်ဖို့ လှုံ့ဆော်နေမှုတွေဟာ ရွာရှည်ကျေးရွာ ဖြစ်စဉ်လိုပဲ မြေပြင်မှာပါ အမှန်တကယ် အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့တွေမှာ ဖြစ်ပွားခဲ့တာကို DVB Fact Check က Geolocation သက်သေပြချက်တွေနဲ့အတူ “အွန်လိုင်း သွေးထိုး မြေပြင် စစ်ထိုး” Digital Investigative Report မှာ ဖော်ပြထားပါတယ်။

အမှန်တကယ်တော့ အွန်လိုင်းကနေ သွေးထိုးလှုံ့ဆော်ပြီးနောက် မြေပြင်မှာ အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေဟာ သက်သေပြချက် ၄ ခုထက် ပိုမိုများပြားပြီး DVB Fact Check အနေနဲ့ အွန်လိုင်းသွေးထိုးမှုကြောင့် မြေပြင်မှာ စစ်ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်တွေထဲက Geolocation နဲ့အတူ ထင်ထင်ရှားရှား အခိုင်အမာ သက်သေပြနိုင်တဲ့ ဖြစ်စဉ် ၄ ခုကို ရွေးချယ် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ အကြမ်းဖက်ဖို့ ရေးသားလှုံ့ဆော်မှုတွေ ပြီးတဲ့နောက်မှာ အမှန်တကယ် မြေပြင်မှာ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေ ရှိတာမို့ စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေဟာလည်း အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေအဖြစ် ပါဝင်ပတ်သက်နေတယ်လို့ သုံးသပ်လိုက်ရပါတယ်။

အွန်လိုင်းသတင်းမှားတွေ၊ အမုန်းစကားတွေထက် ပိုအန္တရာယ်ကြီးမားတဲ့ အွန်လိုင်း သွေးထိုးလှုံ့ဆော်မှုတွေဟာ ဒစ်ဂျစ်တယ် အကြမ်းဖက်မှုတွေလို့ သတ်မှတ်ပြီး အများပြည်သူအားနဲ့ ထိန်းချုပ်ဖယ်ရှားနိုင်ဖို့အတွက် DVB က ဖော်ထုတ် တင်ပြလိုက်ရပါတယ်။

DVB Fact Check

“အွန်လိုင်းသွေးထိုး မြေပြင်စစ်ထိုး” Digital Investigative Report အပြည့်အစုံ ဖတ်ရှုရန် Download Link—

မြန်မာဘာသာ - https://bit.ly/DigitalTerrorMyanmarReportByDVBFC 

အင်္ဂလိပ်ဘာသာ - https://bit.ly/DigitalTerrorEnglishReportByDVBFC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013