DVB Logo
Home
မြန်မာသတင်း
လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ချင်းပြည်သူ ၁၀၀ ကျော် သေဆုံး
DVB
·
November 1, 2024
လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ချင်းပြည်သူ ၁၀၀ ကျော် သေဆုံး
Donate to DVB

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အာဏာသိမ်းစကနေ အခုနှစ် စက်တင်ဘာလကုန်အထိ ပြည်သူ ၁၀၈ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၀ ကျော် ရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Right Organization (CHRO) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်အတွင်းက မင်းတပ်၊ ပလက်ဝ၊ ထန်တလန် စတဲ့မြို့နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံခဲ့ရပြီး အရပ်သားပြည်သူတွေ သေဆုံးမှုအများဆုံး ဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီးတွေ အများဆုံးပါဝင်ပြီး ကလေးငယ် ၂၃ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

CHRO တာဝန်ခံက “ချင်းပြည်နယ် ၉ မြို့နယ်စလုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိတယ်။ မင်းတပ်မြို့နယ်က အများဆုံးပေါ့နော်၊ တိုက်ခိုက်မှု အများဆုံးဖြစ်တဲ့နေရာက တော်လှန်ရေးတပ်ဖွဲ့တွေနေတဲ့စခန်းနဲ့ နီးတဲ့ရွာမျိုး တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတဲ့နေရာမျိုးမှာ တိုက်ခိုက်တာကို တွေ့ရတယ်။ ဘာသာရေး အဆောက်အအုံ တိုက်ခိုက်မှုအများဆုံးက ထန်တလန်မြို့နယ်မှာ တွေ့ရတယ်။ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်မှာလည်း ရှိတယ်။ တီးတိန်၊ ပလက်ဝ မြို့နယ်တိုင်းနီးပါးမှာ ဘာသာရေးအဆောက်အအုံ ပျက်စီးမှုကို တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို ‌ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဒရုန်းဗုံးချတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၁,၂၄၀ နီးပါး ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် ၄၁၆ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်ကစပြီး အောက်တိုဘာ ၉ ရက်အထိ စစ်ကောင်စီက မင်းတပ်မြို့ပေါ် အနောက်စံပြရပ်ကွက်၊ အရှေ့စံပြရပ်ကွက်နဲ့ ဘဝသစ်ရပ်ကွက်တွေက လူနေအိမ် ၈၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ချင်းတပ်ဖွဲ့ဝင်တယောက်က “ဖလမ်းမှာ လေကြောင်းတိုက်ခိုက်တာက ဘာမှမဆိုင်တဲ့ နေရာတွေပေါ့နော်၊ ဖလမ်းမြို့ဘေးမှာ ပစ်ခတ်တာတော့ ရှိတယ်။ သတင်းပေါက်တဲ့အခါကျ ကျနော်တို့ စစ်သားတွေရှိတဲ့ဘက် လက်နက်ကြီးနဲ့ ရမ်းသန်းပြီး ပစ်ခတ်တာရှိတယ်။ ကျေးရွာတွေထဲကိုလည်း ကြဲတယ်။ ဟိုတခေါက်တုန်းကလည်း ရွာသားတယောက် ဆုံးသွားသေးတယ်၊ သူတို့ကြဲတဲ့ဟာပဲ။ ဖလမ်းအနေနဲ့က တိုက်မယ်ဆိုတဲ့ သတင်းတွေ ဘာတွေရှိတော့ သူတို့အနေနဲ့လည်း ပြင်ဆင်မှုများပြီး ကြောက်တဲ့အခါကျ ရမ်းသန်းပစ်တာတွေ ရှိတယ်။ သူတို့တပ်ကုန်းထဲမှာ ပြင်ဆင်နေကြတယ်။ ဟိုတခါ လေယာဉ်လာမတိုက်ခင်ကလည်း လူအင်အားချတာတွေ ဘာတွေရှိတယ်။ သူတို့ ကတုတ်ကျင်းတွေ ဘာတွေလည်း ပြင်ဆင်နေတာ အများကြီးတွေ့ရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ထိခိုက်မှုနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်နဲ့ ကလေးမြို့နယ်မှာ ဘာသာရေးအဆောက်အအုံ ၂၆ ခု၊ စာသင်ကျောင်း ၂၂ ခုနဲ့ ကျန်းမာရေးအဆောက်အအုံ ၆ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်က မြို့နယ်တွေမှာ မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေအများစုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တယ်လို့ CHRO တာဝန်ရှိသူက ပြောပါတယ်။

မတူပီမြို့ခံတယောက်က “မတူပီမြို့နယ်နဲ့ ပတ်သက်ပြီး သူတို့ပစ်မှတ်ထားတာက ရက္ခိုင့်တပ်တော် AA ကိုလေ၊ သူတို့ လေကြောင်းတိုက်ခိုက်မှု လုပ်တာပေါ့။ သူတို့ရှိတဲ့နေရာဆိုရင် အတော်ကြဲတယ်။ လေကြောင်းကတော့ ပုံမှန်ပါပဲ။ အခုလည်း ချင်းပြည်နယ်မှာ ထန်တလန်မှာလည်း တိုက်ပွဲက ရှိနေတော့လေ၊ မင်းတပ်မှာရော ဟားခါးမှာရော ကွက်ကြားတွေရှိတယ် ဆိုတော့လေ၊ လေကြောင်းကတော့ ပုံမှန်ပါပဲ။ နေ့ရော ညရော ပုံမှန် စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ရွာတွေရော ကြဲမလားဆိုပြီးတော့လေ၊ အများကြီး စိုးရိမ်ရတယ်။ ပြည်သူတွေဆို ပိုဆိုးတာပေါ့လေ။ ညမှာဆို မီးတွေမထွန်းဘဲ အိမ်ထဲမှာ ပုန်းအောင်းပြီးမှ နေကြရတာ” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားတာနဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့အတွက် ချင်းပြည်နယ်နဲ့ ကလေးမြို့နယ်က ပြည်သူ ၆၅,၀၀၀ နီးပါး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013