DVB Logo
Home
မြန်မာသတင်း
ဂန့်ကော်ရွာကို TNLA ပူးပေါင်းတပ် ပြန်လည် ထိုးစစ်ဆင်
DVB
·
November 1, 2024
ဂန့်ကော်ရွာကို TNLA ပူးပေါင်းတပ် ပြန်လည် ထိုးစစ်ဆင်
Donate to DVB

နောင်ချို-ပြင်ဦးလွင်ကြားက ဆုတ်ခွာပေးလိုက်ရတဲ့ ဂန့်ကော်ရွာကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ TNLA စစ်ရေးသတင်းအရင်းမြစ်တွေက DVB ကို ပြောပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပြီး တောင်ခမ်းဘက်မှာလည်း တိုက်ပွဲအချို့ ဖြစ်တာမျိုးတွေ ရှိနေကာ စစ်ကောင်စီတပ်တွေဘက်ကလည်း အပြင်းအထန် ခုခံနေဆဲဖြစ်တယ်လို့ TNLA စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

TNLA စစ်ရေးသတင်းအရင်းမြစ်တယောက်က “ဂန့်ကော်ကတော့ အလုံးအရင်းနဲ့ဝင်လာလို့ ခဏလောက် နောက်ဆုတ်ပြီး ပြန်ထိုးစစ်ဆင်နေတာပါ။ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲပါ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာကနေ ဂန့်ကော်ရွာဘက် ထိုးစစ်ဆင်လာတာကြောင့် ဆုတ်ခွာပေးလိုက်ရတာဖြစ်ပြီး ဒီနေ့မှာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တာကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးတဲ့ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာနားမှာရှိတဲ့ လက်ကျန် အမြောက်တပ်စခန်းတွေ မကျစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်နဲ့ ကျောက်ဂူကနေ စစ်အင်အား၊ လက်နက်ရိက္ခာ ဖြည့်တင်းပြီး ကာကွယ်နေတယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာတော့ တောင်ခမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပေမဲ့ ဒီနေ့မှာတော့ တိုက်ပွဲပြန်ငြိမ်သွားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ နောင်ချိုမြို့ကို TNLA က ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013