DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လူ ၁၀ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ ခု ကျူးလွန်
DVB
·
October 31, 2024
စစ်တပ်က လူ ၁၀ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ ခု ကျူးလွန်
Donate to DVB

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က အရပ်သား ၁၀ ယောက်နဲ့အထက် သတ်ဖြတ်ခံတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၆၅ ခု ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၃၀၇ သေဆုံးခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ အောက်တိုဘာ ၂၀ ရက်အထိ စစ်အုပ်စုက  အရပ်သားပြည်သူတွေ အပေါ်သတ်ဖြတ်လို့ သေဆုံးခဲ့ရသူ  ၁၃၀၇ ယောက်ထဲမှာ ၉၂ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၂၁၀ ယောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ သူတို့ရဲ့ လက်အောက်ခံအဖွဲ့တွေနဲ့ ပျူစောထီးတွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာအင်စတီကျူ့- ISP Myanmar ရဲ့ ထုတ်ပြန်ချက်စာစောင်မှာ ဖော်ပြထားပါတယ်။

လူ ၁၀ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ပုံစံ ၅ မျိုး ခွဲထုတ်ထားပြီး စစ်ကြောင်းဝင်လာတဲ့ အချိန်မှာ သတ်ဖြတ်ခံရမှာက အများဆုံးဖြစ်တယ်လို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီက DVB ကိုပြောပါတယ်။

“ဖြစ်စဉ် ၆၅ ခုမှာ ၆၀ လောက်ကတော့ စစ်ကောင်စီနဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီ သစ္စာခံတပ်တွေက ကျူးလွန်ထားတယ် ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီမှာ တွေ့တာကတော့ အမျိုးအစား ၅ ခုလောက် တွေ့ရ ပါတယ်။ တခုကတော့ စစ်ကောင်စီက စစ်ကြောင်း ဝင်လာတဲ့အချိန်မှာ သတ်ဖြတ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နောက်တခုကတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးရတာတွေ၊ နောက် မီးရှို့သတ်ဖြတ်တဲ့အတွက် အစုလိုက်အပြုံလိုက် သေဆုံးတာတွေ၊ နောက် ခေါင်းစဉ် အမျိုးမျိုးနဲ့ သတ်တဲ့ဟာတွေ၊ နောက်ဆုံး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သေဆုံးတာတွေဆိုပြီး ကျနော်တို့ ခွဲခြားပြီး လေ့လာထားတာတွေ ရှိပါတယ်။ အများဆုံးကတော့ စစ်ကောင်စီက စစ်ကြောင်းဝင်လာတဲ့အချိန်မှာ သတ်တာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာ အများဆုံး ဖြစ်ပါတယ်။”

စစ်ကောင်စီမဟုတ်တဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက အကြောင်းအမျိုးမျိုးနဲ့ သတ်ဖြတ်မှုပေါင်း ၅ ခုထက်မနည်းဖြစ်ခဲ့ပြီး အရပ်သား ၉၇ ယောက် သေဆုံးခဲ့တယ်လို့ ISP က ဖော်ပြထားပါတယ်။

စစ်ကောင်စီ ကျူးလွန်မှုတွေက စစ်ကိုင်းတိုင်းထဲမှာ ၅၂ ရာခိုင်နှုန်းနဲ့ အများဆုံးကျူးလွန်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရက်စက် ကြမ်းကြုတ်တဲ့နည်းတွေနဲ့ ရွာသူရွာသားတွေကို သတ်ဖြတ်ခဲ့သလို ဖြစ်စဉ်မျိုး ၂၃ ခုထက်မနည်း ကျူးလွန်ခဲ့တယ်လို့လည်း သိရပါတယ်။

စီပါရွာဖြစ်စဉ်မှာ ကူညီပေးခဲ့သူတယောက်တော့ ကိုယ်တိုင်ကြုံခဲ့ရတာနဲ့ စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် အမှန်တရားလိုချင်ကြောင်း ပြောပါတယ်။

“စီပါရွာကတော့ သူတို့ စိတ်နဲ့ကိုယ်နဲ့လွတ်နေကြတဲ့ပုံစံပဲ။ အဲဒီစီပါရွာကို စစ်ကြောင်းထွက်သွားတော့ ကျနော်တို့ သွားတဲ့အခါ တံထောင်ဆစ်ကနေ ဖြတ်ထားတာ၊ ဒူးကွေးကနေဖြတ်ထားက၊ လည်ပင်းခေါင်းကနေဖြတ်ထားတာတွေ ကျနော်တွေ့ရတယ်။ ကျနော်ကတော့ အခုသတ်ဖြတ်သွားတာ မီးရှို့သွားတာတွေကိုရော အမှန်တရားလိုချင်နေတာပဲ၊ အခုဟာက အတော်ကို ရက်စက်လွန်းတယ်ဗျ။ ဘာမှ မဆီမဆိုင်ကို၊ ပြည်သူတွေပဲလေ သူတို့ကို PDF က တော်လှန်နေတယ်ဆို PDF ကိုရှာလုပ်လေ၊ ဘာမှမဆီမဆိုင်ပြည်သူတွေကို၊ စစ်ကောင်စီက သူတို့ကိုယ်သူတို့ အစိုးရဆိုပြီး ပြောပြီးတော့  အစိုးရဆိုရင် ဒီလိုလုပ်ရပ်တွေ မလုပ်သင့်ဘူး အခုသူတို့က သူပုန်သက်သက်ပဲဖြစ်နေတာ”လို့ ပြောပါတယ်။

DVB က ကောက်ယူထားတဲ့စာရင်းတွေအရကတော့ ၃ နှစ်ကျော်ကာလအတွင်းမှာ လူ ၅ ယောက်နဲ့ အထက်သတ်ဖြတ်ခံရမှုပေါင်း ၂၄၆ ကြိမ်ဖြစ်ခဲ့ပြီး ၂၀၂၄ ပထမ ၇ လအတွင်းမှာ ၆၈ ကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013