DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အာရှလမ်းကို ဧပြီ ၂ ရက်ပြန်ဖွင့်မည်၊ သေချာစုံစမ်းပြီးမှသွားကြရန် KNU တိုက်တွန်း
အောင်ခန့်
·
April 1, 2026
Photo: DVB
Photo: DVB
Donate to DVB

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းကို စစ်ကောင်စီက ဧပြီ ၂ ရက် ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေပါတယ်။

မတ် ၁၈ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ တွေ့ဆုံပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တွေ့ဆုံဆွေးနွေးခဲ့အပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းကို ဧပြီ ၂ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း မြဝတီမြို့တောင်ဘက်၊ ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “လမ်းဖွင့်မယ်လို့ သူတို့ပြောတာတော့ ပြောနေတာပဲလေ။ ပြည်သူလူထုတွေကော ကုန်သည်တွေကော အရင်လိုပဲ သွားရဲမလား၊ လာရဲမလား။ တကယ်လို့ သွားရဲတဲ့လူတွေလည်း တချို့ရှိမယ်၊ သွားမရဲတဲ့လူတွေလည်း ရှိမယ်။ တကယ်လို့ သွားတယ် လာတယ် ဆိုရင်လည်း ဘယ်သူက တာဝန်ယူမှု တာဝန်ခံမှု လုပ်ပေးမလဲ။ ဒါက စစ်မဲ့ဇုန်ထဲမှာ ဖြစ်နေတဲ့အခါကျတော့ ပြည်သူတွေအတွက်၊ ကုန်သည်တွေအတွက်၊ ယာဉ်မောင်းတွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်။ အဲဒီအတွက် ဘယ်သူက တာဝန်ယူပေးမလဲ။ ဘယ်သူက လုံခြုံရေးယူပေးမလဲ။ အာရှ ဟိုင်းဝေးလမ်းကို စကမဘက်က အလုံးစုံထိန်းချုပ်လို့ရပြီလား ဆိုတဲ့ စဉ်းစားစရာ မေးစရာ မေးခွန်တွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကော့ကရိတ်မြို့နဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက်က စစ်ကောင်စီက ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် KNLA ပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ကရင်ပြည်နယ်နေ ကားသမားတယောက်က “အာရှလမ်းဖွင့်မယ်ဆိုတော့ လောလောဆယ် သွားလို့မရဲသေးဘူး။ တလမ်းပဲ ထိန်းချုပ်လို့ရသေးတယ်လေ။ အခြေအနေကြည့်ရသေးတာပေါ့။ အခုက အောက်ဗိုလ်တဲတို့တောင် ထိန်းချုပ်လို့မရသေးတာ။  လောလောဆယ်က ဒီ(လမ်းဟောင်း) အတိုင်းပဲ။ ကြည့်ရဦးမယ်။ ဟိုဘက် (KNLA ပူးပေါင်း) အဖွဲ့လည်း ဘယ်လိုလာဦးမလဲ။ မဟုတ်ရင် ကောင်းကောင်းမွန်မွန် ပေးသွားမလား။ သူတို့က ကောင်းကောင်းမွန်မွန် ပေးသွားရင်တော့ ကောင်းပါတယ်။ လုံခြုံတယ်ဆိုရင် အာရှလမ်းက ပိုကောင်းတာပေါ့။ အာရှလမ်းက ပိုနီးတယ်။ သူက နေ့ချင်းပြန်သွားလို့ရတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ ကော့ကရိတ် အောက်ဗိုလ်တဲနဲ့ အနီးအနားက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ၁၀၁၈၊ ကြက်ဥတောင်နဲ့ ထို့ကော်ကိုးလမ်းကို ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိက အသုံးပြုခဲ့ရပါတယ်။ လက်ရှိမှာလည်း ပြန်လည်ဖွင့်လှစ်မဲ့ အာရှလမ်းပိုင်းတလျှောက် လုံခြုံရေးကို စစ်တပ်နဲ့အတူ နယ်ခြားစောင့်တပ် (BGF) က ပါဝင်ကူညီသွားမယ်လို့ သိရပါတယ်။

KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “သူတို့က အတင်းဘယ်လိုလုပ်ကြမလဲ ကျနော်တို့ မခန့်မှန်းတတ်ဘူး။ သူတို့က BGF ကိုပဲ အသုံးချမှာလား မသိဘူးလေ။ အဲဒါတော့ ရှိတယ်။ အခုကတော့ တိုက်ပွဲတွေက ဖြစ်နေတာပဲ။ တိုက်ပွဲတွေက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးဘက်တွေ ဖြစ်နေတာ။ အဲဒါကို သူက မရရအောင်လုပ်မယ် ဆိုတော့ ဘယ်ပုံစံလဲ ဆိုတာတော့ မသိဘူး။ သူတို့ (BGF) အချင်းချင်း တိတ်တိတ်ပုန်းပြီးတော့မှ သဘောတူညီချက် ယူလား မယူလား အဲဒါတော့ ကျနော်မသိတာ အမှန်ပဲ။ ခရီးသွားပြည်သူတွေအားလုံး စေ့စေ့စုံစုံ စုံစမ်းပြီးမှ သွားရင်တော့ ကိုယ်အတွက် အသက်သာဆုံးပဲလေ။ မစုံစမ်းဘဲနဲ့ သွားရင် အခက်အခဲတွေ့နိုင်တယ်” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်က နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဩဂုတ် ၁၈ ရက်ကစပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို မြန်မာဘက်ခြမ်းက စတင်ပိတ်ခဲ့တဲ့အပြင် တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013