
ရန်ကုန်၊ လှိုင်သာယာမှာ စလော့ဂိမ်းဆော့ဖို့ တနာရီကို ကျပ် ၅,၀၀၀ နဲ့ ဖုန်းအငှားဝန်ဆောင်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လက်ရှိကာလမှာ အွန်လိုင်းစလော့ဂိမ်းတွေကို အလွယ်တကူဆော့နိုင်ဖို့ ရည်ရွယ်တဲ့ ဖုန်းအငှား ဝန်ဆောင်မှုတွေ ရန်ကုန်က မြို့နယ်တချို့မှာ ပေါ်ပေါက်လာနေတာဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုတွေမှာတော့ တနာရီကို ကျပ် ၅,၀၀၀ ဝန်းကျင်နဲ့ ဖုန်းတွေကို ငှားရမ်းပေးနေပြီး အထူးသဖြင့် စလော့ဂိမ်းတွေ၊ အွန်လိုင်းဂိမ်းတွေ ဆော့ဖို့ အသုံးပြုနေကြတာဖြစ်တယ်လို့ လှိုင်သာယာမှာနေထိုင်သူ တယောက်က ပြောပါတယ်။
"အလုပ်ဖြစ်နေတာ ဖုန်းအငှားဝန်ဆောင်မှုက။ တော်တော်များများဆော့ကြတယ် အွန်လိုင်းဂိမ်းကို။ အဲဒါကြောင့်လည်း ဒီဝန်ဆောင်မှုကပေါ်လာတာ။ ထိထိရောက်ရောက်အရေးယူစေချင်တာ။ မဆော့တဲ့သူ မရှိသလောက်ပဲ။ အဲဒီဂိမ်းကြောင့် ဘဝပျက်သွားတဲ့သူတွေအများကြီးပဲ။”
ဖုန်းငှားဝန်ဆောင်မှုတွေဟာ လူငယ်အများစုကို ရည်ရွယ်ပြီး လုပ်ကိုင်လာကြတာဖြစ်ပြီး ကိုယ်ပိုင်ဖုန်း မရှိသူတွေ၊ ဒါမှမဟုတ် ဖုန်းစွမ်းဆောင်ရည် မလုံလောက်သူတွေကလည်း ဒီဝန်ဆောင်မှုကို အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုဝန်ဆောင်မှုတွေကြောင့် အွန်လိုင်းဂိမ်းကစားမှု ပိုမိုတိုးလာနိုင်ပြီး တချို့ကိစ္စရပ်တွေမှာ ငွေကြေးဆုံးရှုံးမှုတွေ၊ စွဲလမ်းမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိတယ်လို့လည်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ငွေကြေးအမြောက်အမြားချေးယူကာ အွန်လိုင်းဂိမ်းကို အလွန်အကျွံဆော့ကြသူတချို့ ဘဝ ပျက်တာတွေလည်း ရှိနေပါတယ်။
စလော့ဂိမ်းဆော့ဖို့ ဖုန်းအငှားဝန်ဆောင်မှုဟာ လူနေထူထပ်တဲ့ လှိုင်သာယာအပါအဝင် ရွှေပြည်သာ၊ တောင်ဒဂုံအစရှိတဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ တွင်ကျယ်နေတယ်လို့ ဒေသခံတွေထံက သိရ ပါတယ်။










