DVB Logo
Home
မြန်မာသတင်း
လားရှိုးနှင့် သိန္နီကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
October 26, 2024
လားရှိုးနှင့် သိန္နီကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
1 / 5
Donate to DVB

ကိုးကန့်တပ်မတော်(MNDAA)နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ သိန္နီကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ အောက်တိုဘာ ၂၅ ရက်နေ့ တရက်တည်းမှာ လေကြောင်းကနေ ဗုံး ၇ လုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒေသခံအမျိုးသားတယောက်က “အောက်တိုဘာလ၂၅ ရက်၊ ည ၈ နာရီ ၅ မိနစ်မှာ လားရှိုးတဝိုက် ဗုံး ထပ်ကြဲသွားတယ်။ အေတီတံတား အကျော် ၆၈ တပ်ဘက်လို့ ကနဦးသိရတယ်။ သိန္နီဘက်ရောပဲ။ နှစ်နေရာပေါ့။ သိန္နီက မြို့ထဲလား ဘယ်နားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ညပိုင်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေမှာတော့ ထိခိုက်တာ သေဆုံးတာတွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်ကလည်း “နေ့လယ်ပိုင်းကကြဲတာ လားရှိုးအနီး မယ်ဟန် ရွှေမြင်းနှစ်ကောင် စက်ရုံထိပါတယ်။ တယောက်က ပွဲချင်းပြီး သေသွားတယ်။ ဆိုင်ကယ်စီးလာတဲ့ သူက ထိသွားတာ။ အဲ တနေရာပဲဗျ။ ၅ ခေါက်ကြဲတာပေါ့။ နောက်ဆုံးတခေါက်က ဘယ်မှာ ကြဲသွားမှန်း မသိဘူး။ မြို့ထဲတော့ မဟုတ်ဘူးဗျ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၃ မိနစ်မှာ တလုံး၊ ၁ နာရီ ၁၇ မိနစ်မှာ တလုံး၊ ၁ နာရီ ၂၂ မိနစ်မှာ တလုံး၊ ၁ နာရီ ၂၇ မိနစ်မှာ တလုံး၊ ၁ နာရီ ၄၅ မိနစ်မှာ တလုံး ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စက်ရုံအဆောက်အအုံတချို့ပျက်စီးခဲ့ပြီး စက်ရုံအနီးက မျိုးရိုး ဘိုးဘွားခန်းမတခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လားရှိုးဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လေယာဉ်က MiG-29 Fighter Jet နဲ့ Yak-130 Fighter Jet တွေဖြစ်တယ်လို့ လေကြောင်းရန်စောင့်ကြည့်သတင်းထုတ်ပြန်နေတဲ့ NAS အဖွဲ့က ဖော်ပြထားပါတယ်။

MNDAA ကတော့ အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လားရှိုးမြို့၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင်စက်ရုံကို လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၃ မိနစ်ကနေ ၁ နာရီ ၄၅ မိနစ်အတွင်း အဲဒီနေရာကို ပေါင်ချိန်များတဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့လို့ အရပ်သားတယောက်သေဆုံးပြီး စက်ရုံအဆောက်အအုံအချို့ ပျက်စီးခဲ့တဲ့အပြင် စက်ရုံအနီးက မျိုးရိုးဘိုးဘွားခန်းမတခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးနဲ့ အနီးတဝိုက်ကို တပတ်အတွင်း ၃ ရက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ၇ ယောက် သေဆုံးခဲ့ပြီး အဆောက်အဦအများအပြား ပျက်စီးခဲ့တာဖြစ်ပါတယ်။

MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးကို သိမ်းပိုက် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ် ၃၀ လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ရာနဲ့ချီ ထိခိုက်သေဆုံးပြီး နေအိမ်အဆောက်အဦအများအပြား ထိခိုက်ပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013