DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် စီအိုင်စင်တာ ပြန်ဖွင့်ပေးမည့်အပေါ်  အလုပ်သမားအရေးလှုပ်ရှားသူများ ကြိုဆို
DVB
·
October 25, 2024
ထိုင်းတွင် စီအိုင်စင်တာ ပြန်ဖွင့်ပေးမည့်အပေါ်  အလုပ်သမားအရေးလှုပ်ရှားသူများ ကြိုဆို
Donate to DVB

ထိုင်းနိုင်ငံမှာ  စီအိုင်စင်တာပြန်ဖွင့်ပေးတာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန် သက်တမ်းတိုးစရာ မလိုတဲ့အတွက် သတင်းကောင်းဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့  ဗီယက်နမ် ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI (Certificate of Identity) ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အထောက်အထား ထုတ်ပေးတဲ့ စင်တာ ဖွင့်လှစ်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက အောက်တိုဘာလ ၂၁ ရက်က ပြောဆိုခဲ့တာပါ။

စီအိုင် စင်တာကို ၂၀၂၄ နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ ထိုင်းနိုင်ငံ၊ စမွတ်စခွန်းမြို့မှာ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီကတဆင့် စီအိုင် လာရောက် လုပ်ဆောင်တဲ့ အလုပ်သမားဦးရေများလာရင် တခြားနေရာတွေမှာပါ တိုးချဲ့ဖွင့်သွားမယ်လို့လည်း ထိုင်းအလုပ်သမား ဝန်ကြီး ပြောပါတယ်။

အခုလို စီအိုင် စင်တာ ပြန်ဖွင့်ပေးတာက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတင်းကောင်းဖြစ်ပြီး အဲဒီမတိုင်ခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေလို ပြည်တွင်းနေရပ်ပြန်ပြီး သက်တမ်းတိုးစရာ မလိုတာက ပိုကောင်းတဲ့ အခြေအနေပဲလို့  အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ စီအိုင်ပဲဖြစ်ဖြစ်၊ ၄ နှစ်ပြည့် ဗီဇာသက်တမ်းကုန် MoU လုပ်သားတွေပဲဖြစ်ဖြစ် အကုန်လုံး စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ကျီးလန့်စာစား ဘဝတွေထက်စာရင် ထိုင်းနိုင်ငံမှာပဲ အိုးမကွာ အိမ်မကွာ လုပ်ရတော့ ကောင်းတာပေါ့။ ဒါက ၂၀၂၃ က စာရင်းတင်ထားတဲ့ ပန်းရောင်ကတ်သမားတွေအတွက်၊ ပန်းရောင်ကတ်ချည်းပဲက ဒီတိုင်းနေလို့ မရဘူးလေ။ ပန်းရောင်ကတ်ပြီးရင် work permit လုပ်ရမယ်။ ပြီးရင် စီအိုင်လုပ်ရမယ်။ ဒါက အလွန်ကောင်းတဲ့ သတင်းပဲ။ ထိုင်းအစိုးရ ပြောင်းလွယ် ပြင်လွယ်နိုင်စွမ်းရှိတာ ချီးကျူးရမယ်။ အလုပ်ရှင်တွေကတဆင့် ထိုင်းအစိုးရက သိရှိသွားပြီး ထိုင်းမှာပဲ အိုးမကွာ အိမ်မကွာ လုပ်ခွင့်ပေးတာ ကြိုဆိုရမှာပေါ့။ လက်ခံရမှာပေါ့”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ အလုပ်သမားဦးရေက သန်းချီ ရှိတာကြောင့် စီအိုင် စခန်း တခုတည်းနဲ့ မလုံလောက်ဘဲ တခြား စီအိုင်စခန်းတွေဖြစ်တဲ့ ဆုန်ခလာ၊ ပထုံဌာနီ၊ ရနောင်း၊ ချင်းမိုင် စတဲ့ စခန်းတွေလည်း ဖွင့်လှစ်ပေးရင် အလုပ်သမားတွေအတွက် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

စီအိုင်စင်တာမှာ စီအိုင်စာအုပ် ပြုလုပ်တာအပြင် ခရီးသွား စာရွက်စာတမ်းနဲ့ စီအိုင်ကတဆင့် နိုင်ငံကူးလက်မှတ် ပြောင်းလဲတာ၊ သက်တမ်းတိုးတာနဲ့ စာအုပ် သက်တမ်းတိုးပြီးပါက ထိုင်းနိုင်ငံမှာ နောက်ထပ် ၂ နှစ် အလုပ်လုပ်ခွင့် ရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထား မရှိရင် အလုပ်သမားတွေအတွက် တရားဝင် သွားလာဖို့နဲ့ ကျန်းမာရေးကအစ ကုသဖို့ အခက်အခဲတွေ ရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား တယောက်က ပြောပါတယ်။

ရာဘာခြံ အလုပ်သမား ကိုကျော်က “ရာဘာခြံမှာက ဘတ်မရှိတဲ့သူတွေ အလုပ်များတယ်။ ဘတ်ရှိမှ၊ အထောက်အထားရှိမှ စက်ရုံ အလုပ်က ဝင်လုပ်လို့ရတာဆိုတော့ ဘတ်မရှိတဲ့လူက များတယ်။ ဘတ်မရှိတဲ့လူက ရော်ဘာခြံမှာပဲ ခြစ်နေတာ။ ဘတ်လုပ်ပေးမယ်ဆို ကျနော်တို့ မြန်မာပြည်သားတွေလည်း ဒုက္ခ မရောက်တော့ဘူး။ သူတို့ ထိုင်းအစိုးရဘက်က လုပ်ပေးချိန်မှာ အချိန်မီ လုပ်နိုင်အောင် ငွေအတိုင်းအတာက အစ၊ အတတ်နိုင်ဆုံး ပွဲစား ကောင်းတာ ရွေးပြီး လုပ်ရမှာပေါ့။ မလုပ်လို့ကလည်း မဖြစ်ဘူး။ မလုပ်ထားရင် ကျန်းမာရေး မကောင်းတာကအစ ထင်ထင်ပေါ်ပေါ် သွားလို့မရဘူး။ နောက်ပြီးတော့လည်း လမ်းလျှောက်တာက အစ ထင်ထင်ပေါ်ပေါ် နေလို့ မရဘူး။ တခြံနဲ့ တခြံ ဆိုင်ကယ်နဲ့ သွားတာကအစ အထောက်အထား မရှိဘူးဆိုရင် အန္တရာယ်ရှိတာကတကြောင်း ဘတ်မရှိလို့ ပုလိပ်ရန် ကြောက်ရတာကတကြောင်း အမျိုးမျိုး ကြောက်နေရတာပေါ့”လို့ ပြောပါတယ်။

ထိုင်းအစိုးရက အလုပ်သမားတွေအတွက် ပန်းရောင်ကတ် (ဘတ်) အသစ် ပြုလုပ်ပေးမယ့်ရက်ကို အတိအကျ မကြေညာသေးပေမဲ့ ထိုင်းရောက် ပွဲစားနဲ့ အေဂျင်စီ တချို့က လူသစ် နာမည်စာရင်းအတွက် ငွေကြိုတင် ကောက်ခံတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၄ လအတွင်း ထိုင်းနိုင်ငံမှာ ရက် ၁၂၀ စီမံချက်အရ အထောက်အထား မစုံလင်တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ၂ သိန်းနီးပါး ဖမ်းဆီးစစ်ဆေး ခံခဲ့ရပြီး၊ အဲဒီထဲက အယောက် ၂၀၀၀ ကျော် အရေးယူခံခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား ၆ သန်းကျော် ရောက်ရှိ နေထိုင်နေပေမဲ့ တရားဝင် အထောက်အထားနဲ့ နေထိုင်နေသူ ၂ ဒသမ ၃ သန်းသာ ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ 

 ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013