
၆ နှစ်နီးပါးပိတ်ထားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်လေဆိပ်ကို စစ်ကောင်စီက ပြန်ဖွင့်လှစ် လေကြောင်းတွေစတင်ပြေးဆွဲနေပေမဲ့ လိုက်ပါစီးနင်းသူ မရှိသလောက် နည်းပါးနေတယ်လို့ သက်ဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။
လိုက်ပါစီးနင်းသူ နည်းပါးလို့ ၂၀၁၈ ခုနှစ်က စပြီး ယာယီရပ်ဆိုင်းထားခဲ့ရတဲ့ ပုသိမ်လေဆိပ်ကို စစ်ကောင်စီက ခရီးသွားတွေ အချိန်တိုအတွင်း သွားလာလည်ပတ်နိုင်ဖို့နဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆိုပြီး ၂၀၂၄ အောက်တိုဘာ ၂၀ ရက်က ပြန်လည်ပြေးဆွဲခဲ့တာပါ။
ပုသိမ်လေဆိပ် ဝန်ထမ်းနဲ့ နီးစပ်သူတယောက်က “ခရီးသည်က ဆွဲခဲ့တဲ့ရက်အတွင်း လူ ၃ ယောက်နဲ့ ၂ ရက် ဆွဲခဲ့တဲ့၊ တရက်က ၅ ယောက်နဲ့ ခရီးသည်လုံးဝမပါတဲ့ရက်က ရှိသေးတယ်။ စစ်ကောင်စီက သီတင်းကျွတ်အားလပ်ရက် ခရီးသွားကို မျှော်မှန်းပြီး ဆွဲခဲ့တာ။ အခုတော့ ခက်နေတာပေါ့” လို့ ပြောပါတယ်။
ပြန်လည်ပြေးဆွဲနေတဲ့ ပုသိမ်လေဆိပ်ကနေ လေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်း (MNA) က ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်နဲ့ မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မင်္ဂလာလေကြောင်းအနေနဲ့ ပြေးဆွဲနေတာပါ။
ပုသိမ်လေဆိပ် လုံခြုံရေးဌာနက ဝန်ထမ်းတယောက်က “လေယာဉ်လက်မှတ်ဈေးနှုန်း အနေနဲ့က Economy တစောင် ကျပ် ၂ သိန်းကနေ ၂ သိန်း ၉ သောင်းအထိ ကောက်နေတာ။ အခုက ကားနဲ့တောင် မနည်းသွားနေရတဲ့ခေတ်၊ ဘယ်လေယာဉ်စီးမလဲ။ စစ်ကောင်စီကလုပ်ရင် တလွဲတွေချည်းပဲ။ လေယာဉ်ကွင်းမှာ လုံခြုံရေးဝန်ထမ်းပဲရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက ပထမဆုံး လေယာဉ် စတင်ပျံသန်း ပြေးဆွဲတဲ့နေ့က လိုက်ပါစီးနင်းတဲ့ သူ့ဝန်ထမ်းတချို့ကို ပန်းစည်းပေးကာ လေဆိပ်မှာ နှုတ်ဆက်ခဲ့ပါတယ်။
အခုလို ပုသိမ်လေဆိပ်ကနေ လေယာဉ်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲတာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့တဲ့ ဩဂုတ်လက ပုသိမ်မြို့ကို ရောက်ရှိလာပြီး စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်ကို ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ဖို့၊ နိုင်ငံတကာလေယာဉ်တွေ ဆင်းသက်နိုင်ဖို့၊ လေယာဉ်ခရီးကို အသုံးချပြီး နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ဖို့မှာကြားခဲ့ပြီးနောက် အခုလို လေယာဉ်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲတာလို့ သိရပါတယ်။











