
ဆူဒန်နိုင်ငံမြောက်ပိုင်း ဒါဖာပြည်နယ်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်တစင်းမှာ ရုရှားအမှုထမ်းတွေ လိုက်ပါလာခဲ့ပြီး အပျက်အစီးတွေထဲမှာ စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ရကြောင်း ဆန့်ကျင်ဖက်အဖွဲ့က ပြောပါတယ်။
အရန်အမြန်ထောက်ပို့တပ် RSF မှ တာဝန်ရှိသူတွေကတော့ တနင်္လာနေ့ မနက်အစောပိုင်းက အယ်လ်ဖာရှီယာရဲ့ မြောက်ဘက် မိုင် ၈၀ လောက်အကွာရှိ အလ်-မာလ်ဟာမှာ ပစ်ချခံခဲ့ရတယ် ဆိုတဲ့ လေယာဉ် အပျက်အစီးတွေ မီးလောင်နေတဲ့ အနီးတဝိုက်မှာ သူ့တပ်ဖွဲ့ဝင်တွေ ရပ်နေတဲ့ ဗီဒီယိုဖိုင်ကို မျှဝေထားပါတယ်။
RSF တပ်ဖွဲ့ဟာ ဆူဒန်စစ်တပ်မှ အမှုထမ်း ၃ ယောက်နဲ့အတူ လေယာဉ်ပေါ်မှာ လိုက်ပါလာတယ် ဆိုတဲ့ ရုရှားနိုင်ငံသား ၂ ယောက်ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို ပြသဖို့ ရည်ညွှန်းတဲ့ ဓာတ်ပုံတွေကိုလည်း မျှဝေခဲ့ပြီး ဒါဟာ ရှေ့တန်းလိုင်းတွေမှာ နိုင်ငံခြားက ပါဝင်ပတ်သက်မှု ရှိနေကြောင်း ရှားရှားပါးပါး အသေးစိတ်အချက်အလက်တွေလို့ ဆိုပါတယ်။
ဒီလေယာဉ်ဟာ RSF တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ စစ်တပ်နဲ့ မဟာမိတ်ဟောင်း သူပုန်အဖွဲ့တွေက လနဲ့ချီ ကြိုးစားနေခဲ့တဲ့ အယ်လ်ဖာရှီယာမြို့အတွက် လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ရိက္ခာတွေကို ထောက်ပံ့ပေးဖို့သယ်ဆောင်ရာမှာ အသုံးပြုတဲ့ အီးလူရှင် သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ကြောင်း RSF သတင်းရင်းမြစ်တခုက နောက်ပိုင်းမှာ ပြောပြပါတယ်။ ပေးပို့မှုတွေ လုပ်ပြီးချိန်မှာ လေယာဉ်ကို ထိမှန်ခဲ့တာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဆူဒန်စစ်တပ်ကတော့ လေယာဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်းမရှိပါဘူး။ လေယာဉ်ဘယ်လိုပျက်ကျခဲ့တယ်၊ ဘယ်လမ်းကြောင်းကို ပျံသန်းခဲ့တယ် ဆိုတာတွေကိုလည်း ရိုက်တာသတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဆူဒန်နိုင်ငံရှိ ရုရှားသံရုံးက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။ ဆူဒန်စစ်တပ်မှာ ဆိုဗီယက်နိုင်ငံဟောင်းမှ ဝန်ထမ်းတွေကို အများအားဖြင့် ခန့်အပ်ထားတယ်လို့ သိရပါတယ်။
Source: Reuters










