DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့နယ် သလပ်ခွာတိုက်နယ်ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် လူငယ် ၁ ဦးသေဆုံး
DVB
·
October 24, 2024
ပုသိမ်မြို့နယ် သလပ်ခွာတိုက်နယ်ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် လူငယ် ၁ ဦးသေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သလပ်ခွာ တိုက်နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တယောက် အောက်တိုဘာ ၁၉ ရက် ညက ရုတ်တရက် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။

အချုပ်ခန်းထဲမှာ သေဆုံးသူ လူငယ်ဟာ တကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ဇာနည်အောင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် ညပိုင်းက ရုတ်တရက် သေဆုံးသွားတာဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ကတော့ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတယောက်က “မိသားစုတွေက ရဲစခန်းက အကြောင်းကြားလို့ သိရတာ။ စကစ ရဲစခန်းဘက်က ဆွဲကြိုးချ သေဆုံးတာလို့ ပြောတာ။ ဆွဲကြိုးချ အဆုံးစီရင်စရာ အကြောင်းမရှိပါဘူး။ သူတို့သတ်တာပါ။ ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးတာပါ။ ကောင်လေးအတွက် တကယ်စိတ်မကောင်းဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရဲအုပ်အောင်စည်သူ အမိန့်နဲ့ PDF နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်ပါ။ ရဲစခန်းအချုပ်ခန်းထဲမှာ ထားရင်း ရုတ်တရက် သေဆုံးသွားတာ။ ကျန်းမာသန်စွမ်းတဲ့ လူငယ်ပါ။ သူ့ကိုယ်သူ ဆွဲကြိုးချ‌ သေဆုံးသွားတာလို့ ရဲဘက်ကပြောတာပဲ။ မိသားစုတွေက ရုပ်အလောင်းကို ရဲစခန်းက ထုတ်ခိုင်းတော့မှ မိသားစုတွေက သိတာ။ မိသားစုက ဘာလုပ်တတ်မလဲ” လို့ ပြောပါတယ်။

သေဆုံးသူလူငယ်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတာ ရက်ပေါင်း ၂၀ အကျော်မှာ အခုလိုသေဆုံးသွားတာဖြစ်ပြီး သေဆုံးသူနဲ့အတူ တရက်တည်း ဖမ်းဆီးထားသူတွေကိုလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ရိုက်နှက် စစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် မအူပင်မြို့နယ် အင်းမကျေးရွာက လင်းထက်အောင် ဆိုသူ အရပ်သား လူငယ်တယောက် ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Photo -NN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013