DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀ ရုရှားထံ စေလွှတ် 
DVB
·
October 24, 2024
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀ ရုရှားထံ စေလွှတ် 
Donate to DVB

မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲကို ပံ့ပိုးပေးဖို့အတွက် သူ့တပ်ဖွဲ့ဝင် ၃၀၀၀ ကို ရုရှားဆီကို စေလွှတ်ထားကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တွေက အောက်တိုဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။

ဒါဟာ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီက အရင်တင်ပြထားတဲ့ ခန့်မှန်းချက်ရဲ့ အင်အား ၂ ဆ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြုံယမ်းဟာ စုစုပေါင်း တပ်ဖွဲ့ဝင် ၁၀၀၀၀ လောက်ကို ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပြီး သူတို့ရဲ့တပ်ဖြန့်ချထားမှုကို ဒီဇင်ဘာလမှာ အပြီးသတ်ဖို့ မျှော်လင့်ထားကြောင်း လွှတ်တော်အမတ်တွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တောင်ကိုးရီးယား ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော်အဖွဲ့ဝင် ဘတ်ဆွန်းဝမ်က “လောလောဆယ်မှာ ရုရှားကို နောက်ထပ် စစ်သည် ၁,၅၀၀ လောက် စေလွှတ်လိုက်ပြီ ဖြစ်တာကြောင့် ရုရှားကို စေလွှတ်လိုက်တဲ့ မြောက်ကိုရီးယားစစ်သား စုစုပေါင်း အရေအတွက်ဟာ ၃၀၀၀ လောက် ရှိတယ်” လို့ ပြောပါတယ်။

ပြည်သူ့အင်အားပါတီမှ အမျိုးသားလွှတ်တော်အဖွဲ့ဝင် အီဆောင်းဂွမ်းကလည်း ရုရှားစစ်တပ်ဟာ ကိုရီးယားစကားပြောသူ အများအပြားကို စုဆောင်းနေတယ် ဆိုတာကို သိရှိပြီးကြောင်း ပြောကြားပါတယ်။

ရုရှားစစ်တပ်ဟာ ဒရုန်းတွေကို မောင်းနှင်ပုံနဲ့ပတ်သက်တဲ့ အထူးလေ့ကျင့်မှု အပါအဝင် စစ်လက်နက်ပစ္စည်း အမျိုးမျိုး အသုံးပြုမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားစစ်တပ်ကို သင်ပေးနေတယ် ဆိုတဲ့အချက်ကိုလည်း အတည်ပြုပြီးဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထူးချွန်ပေမဲ့ ဒရုန်းတိုက်ခိုက်မှုလိုမျိုး ခေတ်သစ်စစ်ပွဲတွေကို နားလည်မှု ကင်းမဲ့တယ်လို့ ရုရှားနည်းပြဆရာတွေက အကဲဖြတ်နေကြကြောင်းနဲ့ ဒါ့ကြောင့် ရှေ့တန်းစစ်မျက်နှာမှာ တပ်ဖြန့်ထားရင် အသေအပျောက် အများကြီးရှိနိုင်တယ်လို့ လွှတ်တော်အမတ် အီဆောင်းဂွမ်း က ပြောပါတယ်။

မြောက်ကိုရီးယား အာဏာပိုင်တွေက သူတို့တပ်ဖွဲ့ဝင်တွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့နဲ့ ကောလာဟလတွေကို နှိုက်နှိုက်ချွတ်ချွတ် နှိမ်နင်းနိုင်ဖို့အတွက် အဲဒီမိသားစုတွေကို တနေရာရာမှာ ပြောင်းရွှေ့ထားလိုက်ပြီးတော့ သီးခြားဖယ်ကျဉ်ထားတယ်ဆိုတဲ့ လက္ခဏာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မော်စကိုနဲ့ ပြုံယမ်းတို့ဟာ မြောက်ကိုရီးယားစစ်သားတွေကို ယူကရိန်းနဲ့တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်ဆီ စေလွှတ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ငြင်းဆိုထားပါတယ်။

ယူကရိန်းသမ္မတဇလန်စကီးကလည်း ရုရှားရဲ့ စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အထောက်အထားတွေကို တုံ့ပြန်ဖို့ မဟာမိတ်တွေကို အောက်တိုဘာ ၂၂ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ဆိုးလ်အမျိုးသားထောက်လှမ်းရေးဌာနဟာ အောက်တိုဘာ ၁၈ ရက်က မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံကို သင်္ဘောနဲ့ စစ်သား ၁,၅၀၀ လောက် စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃,၀၀၀ လောက် ရုရှားရောက်နေပြီး ယူကရိန်းမှာ တပ်စွဲဖို့ ဖြစ်နိုင်တယ်လို့ အမေရိကန်ဘက်က ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယားကသာ ရုရှားနဲ့အတူ ယူကရိန်းမှာ တိုက်မယ်ဆိုရင် အင်မတန်ကို စိုးရိမ်စရာကိစ္စဖြစ်ပြီး သူတို့တွေ ဘာလုပ်မယ် ဆိုတာကိုတော့ ဆက်စောင့်ကြည့်ရမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ရောမမြို့မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သား ၃,၀၀၀ ထက်မနည်း ရုရှားအရှေ့ပိုင်းက စစ်စခန်း ၃ ခုမှာ သင်တန်းတက်နေတယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက အတည်ပြုပါတယ်။

မြောက်ကိုရီးယားစစ်သားတွေကို အောက်တိုဘာလ အစောပိုင်းကနေ အလယ်ပိုင်းအတွင်း မြောက်ကိုရီးယား ဝုန်ဆန်ဒေသကနေ ရုရှားအရှေ့ပိုင်း  ဗလာဒီဗော့စတော့မြို့ကို သင်္ဘောနဲ့ ပို့ခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်က ကောက်ချက်ချထားပါတယ်။

မြောက်ကိုရီးယားစစ်သည် ၁၀,၀၀၀ လောက်အထိ ပို့ပေးဖို့ စီစဉ်ထားပြီး ဒီဇင်ဘာ နောက်ဆုံးထား ပို့ဖို့ရှိတယ်လို့ သတင်းရထားကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်တွေကလည်း ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013