DVB Logo
Home
မြန်မာသတင်း
လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် NLD ပါတီ၏ သုံးသပ်ချက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးမှ ထုတ်ပြန်နိုင်မည်
DVB
·
October 23, 2024
လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် NLD ပါတီ၏ သုံးသပ်ချက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးမှ ထုတ်ပြန်နိုင်မည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်ကို အထမြောက်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးစီးချိန်မှ အတည်ပြု ထုတ်ပြန်မယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က DVB ကို ပြောပါတယ်။

လတ်တလော ဒေါ်စန္ဒာမင်း အပါအဝင် ပါတီဝင်ဟောင်းတချို့ရဲ့ ဆွေးနွေးပွဲစကားဝိုင်းတွေမှာ ပြောဆိုချက်တွေဟာ ပါတီကို ကိုယ်စားမပြုဘဲ ဘောင်ကျော်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပဖို့ဖို့ ကြိုးစားနေတာ၊ ခေါင်းဆောင်တွေ အပါအဝင် ပါတီဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ပါတီရဲ့ လက်ရှိမူဝါဒရေးရာနဲ့ ရပ်တည်ချက် စတဲ့ လက်ရှိနိုင်ငံရေးအပေါ် သုံးသပ်ချက်ကို အထမြောက်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးချိန်မှာ အတည်ပြုထုတ်ပြန်မယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လက်ရှိအချိန်မှာ NLD ပါတီရဲ့ အဓိကခေါင်းဆောင် အများစု ဖမ်းဆီးထိန်းသိမ်းခံထားရသလို ပါတီဝင်တွေအချင်းချင်း ကြားထဲမှာလည်း မူဝါဒရေးရာသဘောထား မတိုက်ဆိုင်မှုတွေ ရှိနေတာပါ။

အပြန်အလှန် အပြစ်တင် ဝေဖန်တာတွေ ရှိခဲ့သလို ပါတီရဲ့ မူဝါဒရေးရာကို လိုရာဆွဲပြီး ပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပြီး ပြောဆိုချက်အားလုံးဟာ ပုဂ္ဂိုလ်ရေးသဘောထားတွေသာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ရှင်းလင်းပါတယ်။

ဒေါက်တာမျိုးညွန့်က “NLD ရဲ့ လက်ရှိနိုင်ငံရေးအပေါ် သုံးသပ်ချက်ကို အထမြောက်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးချိန်မှ ကျနော်တို့ အတည်ပြုမှာ ဖြစ်ပါတယ်။ အခုနေ ကျနော်ကိုယ်တိုင်ပဲဖြစ်ဖြစ် ဗဟိုအလုပ်အမှုဆောင် ဘယ်သူပဲဖြစ်ဖြစ် ပြောသမျှဟာ ပုဂ္ဂိုလ်ရေးသဘောထားပဲ ဖြစ်ပါလိမ့်မယ်ခင်ဗျ။ သူတို့ကလည်း ခုပြောနေဆိုနေတဲ့သူတွေက သူတို့ရဲ့သဘောထား သူတို့ရဲ့ယူဆချက် သူတို့ရဲ့လိုလားချက်တွေကိုပဲ သူတို့ပြောနေတဲ့အတွက် ကျနော်တို့ အထူးဝေဖန်စရာ မရှိပါဘူး။ ကျနော်တို့ရဲ့ သဘောထားကတော့ ဒီအစည်းအဝေးပြီးမှပဲ ကျနော်တို့ပြောမယ်။ ဦးအောင်စိုး ဆိုရင် သူက CEC အဖြစ်ကရော ပါတီဝင်အဖြစ်ကရော မိမိဆန္ဒအလျောက် နုတ်ထွက်ပြီးဖြစ်တယ်။ အဲ့တော့ ဒီပါတီကိုယ်စား ပြောတယ် ဆိုတာကတော့ ဘောင်ကျော်နေပါတယ်။ ဒေါ်စန္ဒာမင်း ဆိုလည်း သူက ဗဟိုကော်မတီဝင်ပဲ ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင်ပေါင်းက ၁၂၀ ရှိပါတယ်။ အဲဒီတော့ သူက ပါတီကြီး တခုလုံးကို ကိုယ်စားပြုပြီး ပြောမယ်ဆိုရင် ဒါလည်း မသင့်လျော်ဘူးလို့ပဲ ကျနော် ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊    ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို ပါတီကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီ ဆုံးဖြတ်ချက်နဲ့ ၂၀၂၃ မတ် ၃ ရက်က ထုတ်ပြန်ထားတာပါ။

အဲဒီအထဲမှာ ဒေါ်စန္ဒာမင်းက ၂၀၂၂ နိုဝင်ဘာ ၂၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ပြောဆိုထားပြီး ၂၀၂၃ ခု မတ် ၂၅ ရက်မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ ကြိုးစားခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဖို့ လက်မခံခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး အစီအစဥ် PPFD ရဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်စန္ဒာမင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့တယ်ဆိုတဲ့အချက်ကို အကြောင်းပြုပြီးတော့ တခြားပါတီဝင်တွေအပေါ် ဝေဖန်မှုတချို့ ပြောဆိုခဲ့ပါတယ်။

NLD ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းက “ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့ သွားတွေ့တာက ကျမတို့ပါတီက ပြည်တွင်းမှာ ခိုင်ခိုင်မာမာ ပါတီရဲ့ မူဝါဒအတိုင်း ရပ်တည်နေပါတယ် ဆိုတဲ့ဟာကို သွားပြောတာဖြစ်တယ်။ သို့သော်လည်းပဲ ကျမတို့ ဒီလိုသွားပြောပြီးတော့ ပြန်ထွက်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျမတို့ကို ပြောခဲ့တယ်။ ဒီလိုမျိုး တွေ့ဆုံတဲ့ကိစ္စကို အပြင်မှာ သတင်းမပြန့်ပါစေနဲ့လို့ ပြောတဲ့အတွက် ဒီကတိကို ကျမတို့ သေချာပေးခဲ့တယ်။ သို့သော်လည်း အပြင်ရောက်တဲ့ အချိန်မှာ မဟုတ်တဲ့သတင်းတွေနဲ့ ကျမတို့ကို အပြင်မှာ နိုင်ငံရေးကို သတ်ပစ်လိုက်တယ်။ သူတို့ ဘယ်လောက်ပဲ နိုင်ငံရေးသတ်သတ် မှန်ကန်တဲ့ရပ်တည်ချက်နဲ့ပဲ ကျမ ယနေ့အချိန်အထိ ရပ်တည်နေတယ်” လို့ ပြောပါတယ်။

ဒေါ်စန္ဒမင်း အပါအဝင် ပါတီဝင်ဟောင်းတွေ တဦးချင်းရဲ့ ပြောဆိုချက်တွေအပေါ်မှာ တုံ့ပြန်ဖို့မရှိဘဲ အမှားအမှန်ဟာ မကြာခင် ပေါ်ပေါက်လာလိမ့်မယ်လို့ NLD ပါတီ ဗဟိုအလုပ် ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

ပါတီရဲ့ ရပ်တည်ချက် သဘောထားတွေကိုလည်း အချိန်တန်ရင် ထုတ်ပြန်ပေးမယ်လို့ သူကဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့ အပါအဝင် NLD အသက်ကြီးပိုင်း ခေါင်းဆောင်တွေရဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းအမှောင်ချထားတာ အချိန် ၂ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “သမ္မတကြီးကတော့ အတိအကျ မသိရဘူး။ တောင်ငူထောင်ကနေပြီးတော့ နေပြည်တော်ဘက် ပြန်ခေါ်တယ်လို့တော့ သိတယ်။ အဲဒါလည်း အတိအကျတော့ မသိရဘူး။ ထောင်ထဲက လွတ်လာတဲ့အဖွဲ့တွေနဲ့ အန်ကယ်ထိန်တို့နဲ့ တွေ့တာ၊ တအားပူတဲ့ ရာသီတုန်းကတော့ အပြင်ဆေးရုံ တင်လိုက်ရတာ တခုတော့သိတယ်၊ နောက်ပိုင်းတော့ ထွေထွေထူးထူး ဘာမှသတင်းမရသေးဘူး။ လွတ်လာတဲ့သူက တွေ့တဲ့သူနဲ့ဆိုရင်တော့ ကျနော်တို့သိရတယ်။ ရှေ့နေတွေကလည်း မတွေ့ရတော့ မသိရဘူး။ သူတို့က (တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အဆင့်ခေါင်းဆောင်တွေ) ထောင်တွေလည်း ပြောင်းသွားတာဆိုတော့ မသိရလို့ပါ။ အများအားဖြင့်တော့ ရမည်းသင်းတို့၊ မန္တလေးတို့၊ ဧရာဝတီ၊ မြစ်ကြီးနားတို့ အဲ့လိုမျိုးထောင်တွေပဲ ရောက်သွားကြတာတွေများတယ်။ အင်းစိန်ထောင်တို့ နေပြည်တော်အချုပ်ထောင်တို့ကနေ ထောင်ကျရင် ပြောင်းသွားတာတွေ မန္တလေး၊ ရမည်းသင်း၊ မြင်းခြံ အဲဒီလိုတွေပြောင်းတာတွေတော့ရှိတယ်” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတာနဲ့ တပြိုင်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရနဲ့ ပါတီခေါင်းဆောင် အများစုကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် ကျန်ခဲ့တဲ့ ပါတီဝင်တွေအကြားမှာ ပါတီရေးရာနဲ့ ပါတီကိုယ်စားပြုနိုင် ပြောဆိုနိုင်သူ မရှိခဲ့ဘဲ အငြင်းပွားစရာ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီဟာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ခေါင်းဆောင်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးခဲ့တာကြောင့် NLD ပါတီရဲ့ လူသိများခေါင်းဆောင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဒေါက်တာဇော်မြင့်မောင်တို့ဟာ ထောင်တွင်းမှာ ရောဂါကျွမ်းပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013