DVB Logo
Home
မြန်မာသတင်း
ထန်တလန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ
DVB
·
October 23, 2024
ထန်တလန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ
Donate to DVB

ထန်တလန်တမြို့လုံးကို ချင်းပူးပေါင်းကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမဲ့ စစ်တပ် က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန် နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ လကျော်ကတည်းက ထန်တလန်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို ချင်းအမျိုးသားတပ်ဦး CNF နဲ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ ထန်တလန် တမြို့လုံးကို ထိန်းချုပ်ထားပြီးဖြစ်ပေမဲ့ စစ်တပ်ကင်းစင်တဲ့အထိ တိုက်ခိုက်နိုင်ခြင်း မရှိသေးပါဘူး။

ထန်တလန်မြို့ထဲမှာရှိတဲ့ တပ်စခန်း ၇ ခုထဲက ၅ ခုကို ချင်းပူးပေါင်းတော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ပေမဲ့ ထန်တလန်ရဲစခန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ တိုက်ခိုက်နိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ  ဆလိုင်းထက်နီ   က ပြောပါတယ်။

ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဟားခါးဘက်ကနေ ထန်တလန်ဘက်ကို စစ်ကူ မလာနိုင်အောင် အဲဒီလမ်းကြောင်းတလျှောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီကလည်း ချင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ဟားခါးမြို့ ဆက်လက် ရပ်တည်ရေးမှာ ထန်တလန်မြို့ မကျဆုံးရေးက အဓိကကျတာကြောင့် သူတို့လက်လွှတ်လိုက်ရတဲ့ ဟားခါးနဲ့ထန်တလန်ကြားက စခန်းတွေနဲ့ ထန်တလန်မြို့ကို ပြန်ထိန်းချုပ်နိုင်ရေး စစ်အင်အား အများအပြား အသုံးပြုပြီး ပြန်လည်တိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က CDF ထန်တလန် စစ်ဦးစီးချုပ်အပါအဝင်တပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့သလို ဒဏ်ရာရရှိတဲ့သူတွေ လည်း ရှိခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။ 

ချင်းပြည်နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ရဲ့ စစ်ရေးကွပ်ကဲမှု ဧရိယာထဲမှာ တည်ရှိပြီး ချင်းပြည်နယ်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီက မြောက်ပိုင်းမှာ ဟားခါးစစ်ဗျူဟာနဲ့ တောင်ပိုင်းမှာ မတူပီစစ်ဗျူဟာ ၂ ခုကို ပြည်နယ်အတွင်းမှာ အခြေချထားတာပါ။ 

အောက်တိုဘာ ၁၉ ရက်အထိ မှတ်တမ်းတွေအရ နိုင်ငံတဝန်း မြို့ပေါင်း ၈၅ မြို့အထိ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး ချင်းပြည်နယ်ထဲမှာ ၁၃ မြို့ သိမ်းယူထားပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013