DVB Logo
Home
မြန်မာသတင်း
၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၆ လ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၂၀၀ ကျော်သာရှိ
DVB
·
October 23, 2024
၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၆ လ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၂၀၀ ကျော်သာရှိ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏ တဖြည်းဖြည်း လျော့ကျနေပြီး လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လဖြစ်တဲ့ ဧပြီလကနေ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၃ သန်းကျော်ကျော်ပဲ ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒီပမာဏဟာ အသစ်ဝင်ရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေချည်းပဲ မဟုတ်ဘဲ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံတိုးမြှင့်တဲ့ ပမာဏကိုပါ ထည့်သွင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့တဲ့ ကဏ္ဍတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍ စတဲ့ ကဏ္ဍ ၆ ခုမှာပဲ ဝင်ရောက်ခဲ့ပါတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုအနက် ကျန်ကဏ္ဍ ၆ ခုမှာ ရင်းနှီးမြှုပ်နှံမှု လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။

စစ်အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေရဲ့ ကာလတူအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ပမာဏတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တနှစ်ထက်တနှစ် သိသိသာသာ လျော့နည်း ကျဆင်းလာတာကို တွေ့ရပါတယ်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၆ လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄၈၄ သန်းရှိခဲ့ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပထမ ၆ လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁,၄၅၁ သန်းကျော် ဝင်ရောက်ခဲ့ပါတယ်။

နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာတာနဲ့အတူ စီးပွားရေး လုပ်ကိုင်ရတဲ့ အခြေအနေတွေ ဆိုးရွားပြီး ဆုံးရှုံးနိုင်ခြေများတဲ့အတွက် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေကြတာ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

Amara Maung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013