
လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ရန်ကုန် မြို့ပတ်ရထား စီးခ နှုန်းထားတွေကို ပြောင်းလဲ ကောက်ခံတော့မယ်လို့ မြန်မာ့မီးရထား၊ ရန်ကုန်တိုင်းရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။
လက်ရှိ မြို့ပတ်ရထား အသွားအပြန် တဦးကို ကျပ် ၁၀၀ စီ ကောက်ခံနေရာကနေ လမ်းပိုင်း တပိုင်းပဲ စီးရင် ကျပ် ၅၀၊ လမ်းပိုင်း ၁ ပိုင်းကျော်ရင် သို့မဟုတ် မြို့တပတ်လုံး ဆိုရင် ကျပ် ၁၀၀ ပေးရမှာ ဖြစ်ပြီး အသွားအပြန်ဆိုရင် ကျပ် ၂၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
အခြား ကျပ် ၂၀၀ နဲ့ ကျပ် ၃၀၀ သတ်မှတ်ထားတဲ့ အထူးရထားတွဲတွေကိုတော့ ဈေးနှုန်းပြောင်းလဲကောက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။
မြန်မာ့ မီးရထားဟာ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုကနေ ဆီဖိုး ၁ ရက် ကျပ် ၈ သိန်း၊ ၉ သိန်း အရှုံးပေါ်နေတယ်လို့ သိရပါတယ်။











