DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဉ် ၅ ခုအတွင်း သင်တန်းသား ၂၁,၀၀၀ ထက်မနည်း စစ်ကောင်စီ စုဆောင်း
DVB
·
October 21, 2024
စစ်မှုထမ်းအပတ်စဉ် ၅ ခုအတွင်း သင်တန်းသား ၂၁,၀၀၀ ထက်မနည်း စစ်ကောင်စီ စုဆောင်း
Donate to DVB

ကောက်ယူပြီးစီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၅ ခုအတွင်း စစ်ကောင်စီက သင်တန်းသား ၂၁,၀၀၀ ထက်မနည်း စုဆောင်းသွားနိုင်တယ်လို့ စစ်တမ်းတရပ်က ဖော်ပြပါတယ်။ နည်းဥပဒေမရှိဘဲ စုဆောင်းနေတဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေအတွက် ဘယ်လောက်အထိ စိန်ခေါ်မှုဖြစ်နေလဲ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ထက်အောင်က စုစည်းတင်ဆက်ထားပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာလာပြီးတဲ့နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာ အဖွင့်ခံထားရတဲ့ စစ်ကောင်စီအတွက် စစ်သားအင်အားဖြည့်တင်းနိုင်ဖို့က အရေးတကြီး လိုအပ်ချက် ဖြစ်လာတာပါ။ ဒါကြောင့် စစ်ခေါင်းဆောင်တွေက နအဖလက်ထက်က ရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အာဏာကိုကာကွယ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းကို ခေါ်ယူလိုက်ပြီလို့ အောက်တိုဘာ ၁၉ ရက် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ အပတ်စဉ် ၅ ခုအတွင်းမှာတော့ စစ်ကောင်စီက လူဦးရေ ၂၁,၀၀၀ ထက်မနည်း စုဆောင်းသွားနိုင်ခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အတွင်း နိုင်ငံတဝန်းက သင်တန်းကျောင်းပေါင်း ၂၃ ကျောင်းမှာ သင်တန်းတွေ ဖွင့်လှစ်ခဲ့တယ်လို့ BACS စစ်တမ်းက ဆိုပါတယ်။ အဲဒီထဲမှာ ရှမ်းပြည်နယ်က သင်တန်းကျောင်း အများဆုံးဖြစ်ပြီး စုစုပေါင်း ၇ ကျောင်း ရှိခဲ့ပါတယ်။

မွန်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတို့မှာတော့ သင်တန်းကျောင်း ၂ ကျောင်းစီနဲ့ တနင်္သာရီနဲ့ မကွေးတို့မှာတော့ ၁ ကျောင်းစီ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်သင်တန်း အပတ်စဉ် ၁ မှာတော့ သင်တန်းသား ၅,၀၀၀ ကျော်အထိ စုဆောင်းခဲ့တာကို တွေ့ရပြီး ကျန်အပတ်စဉ် ၄ ခုမှာတော့ သင်တန်းသား ၄,၀၀၀ ကျော်စီ စုဆောင်းခဲ့တာကို တွေ့ရတာကြောင့် စစ်ကောင်စီအနေနဲ့ သူတို့ပစ်မှတ်ထားတဲ့အတိုင်း စုဆောင်းနိုင်တဲ့ အခြေအနေလို့ BACS ရဲ့ သုတေသန တာဝန်ခံက DVB ကို ပြောပါတယ်။

“စစ်ကောင်စီက သူတို့ပစ်မှတ်ထားတဲ့ အရေအတွက်တိုင်းကို ကောင်းကောင်း စုဆောင်းနိုင်တာကို တွေ့ရတယ်။ အခုဆိုရင် ၂၀,၀၀၀ ကျော်သွားပြီ။ ဒီအရေအတွက်တိုင်း ပုံမှန်စုဆောင်းနိုင်နေမယ်ဆိုရင် နောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွားတွေအပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိလာနိုင်တယ်။ အခုလက်ရှိမှာကိုပဲ သင်တန်းဆင်းတွေကို ရှေ့တန်းပို့ပြီးတော့ တိုက်ခိုက်ခိုင်းနေတာပေါ့နော်။ သူတို့အနေနဲ့ တိုက်ခိုက်လိုစိတ်နဲ့ တိုက်ရည်ခိုက်ရည် မရှိစေဦးတော့၊ သောင်းနဲ့ချီပြီးတော့ အယောက်စေ့ သေနတ်ကိုင်ထားတဲ့သူတွေကို ရင်ဆိုင်ရမယ်ဆိုရင် တော်တော်ခက်ခဲမှာပေါ့နော်။”

တော်လှန်ရေးအင်အားစုတွေအနေနဲ့ တူမီးကနေ ခေတ်မီလက်နက်တွေနဲ့ အားကောင်းမောင်းသန် ပိုပြီးဖြစ်လာတာနဲ့အတူ ဆုတ်ယုတ်လာတဲ့ စစ်ကောင်စီရဲ့ ရှေ့ထွက်တိုက်ခိုက်ရေးအင်အားဟာ တသိန်းမပြည့်တော့ဘူးလို့ စစ်ရေးလေ့လာသူတွေက ပြောဆိုထားကြပါတယ်။ ဒါကြောင့်ပဲ စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ အင်အားအများအပြားကို စုဆောင်းနိုင်တာမှန်ပေမဲ့ သင်တန်းတွေကနေ ထွက်ပြေးနိုင်ခဲ့သူတွေလည်း ရှိနေတာကြောင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်တယ်လို့တော့ ပြောလို့မရဘူးလို့ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အရေအတွက်အများအပြား စုဆောင်းနိုင်ပေမဲ့ စစ်ကောင်စီရဲ့ စစ်ရေးစွမ်းရည်ကတော့ ပြန်တက်လာဖို့ မရှိဘူးလို့လည်း ပြောပါတယ်။

“စစ်တပ်နဲ့ ကောင်းကောင်း အသားမကျသေးသူတွေ ဖြစ်တယ်။ သူတို့ရဲ့ အုပ်ချုပ်မှုပုံစံက အတင်းအကျပ် ဝါဒတွေသွပ်သွင်း၊ သူတို့လိုချင်တဲ့ပုံစံကို အတင်းအကျပ် စုဆောင်းခံထားရတဲ့ပုံစံ ဖြစ်တဲ့အတွက် တပ်အင်အားကိုတော့ ပြန်ဖြည့်နိုင်လိမ့်မယ်။ သို့ပေသော်ငြား သူတို့လိုချင်တဲ့ စစ်ရေးစွမ်းအင် ပြန်တက်လာဖို့တော့ ထင်သလောက် မရှိနိုင်ဘူး။”

တပ်တွင်းပေါက်ကြားလာတဲ့ သတင်းတွေအရ လက်ရှိ စစ်သားသစ်စုဆောင်းခံရမှုမှာ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး ဒါကိုကြည့်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ လက်ရှိ စစ်သားသစ် စုဆောင်းတဲ့အခါ သူတို့ ကောင်းကောင်းစိုးမိုးထားတဲ့နေရာတွေဟာ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေဖြစ်ပြီး အဲဒီဒေသမှာရှိနေတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ ဒေသအလိုက် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်တာအပြင် နည်းလမ်းပေါင်းစုံသုံးပြီး ရှောင်ရှားဖို့ လိုတယ်လို့လည်း ကိုလင်းထက်အောင်က အကြံပြုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်ပေမဲ့ နည်းဥပဒေကိုတော့ တရားဝင် ချပြထားတာ မတွေ့ရဘဲ သူတို့လုပ်ချင်သလို လုပ်နေတဲ့ အခြေအနေ ဖြစ်တာကြောင့် ဥပဒေကြောင်းအရ အကာအကွယ်ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ ဉီးကြီးမြင့်က ဆိုပါတယ်။

ဒါကြောင့် ဒီဥပဒေကို ဆန့်ကျင်နိုင်တာဟာ စစ်ရေးနဲ့ နိုင်ငံရေးနည်းလမ်းပဲရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဒါကို ဦးဆောင်သင့်တယ်လို့ ဆိုပါတယ်။

“လူထုတရပ်လုံး ဆန့်ကျင်လာအောင်က NUG အစိုးရက ဦးဆောင်ပြီးတော့ သူက တခုခုလုပ်ပြနိုင်ရမယ်လေ။ ဥပမာဆိုပါစို့ အုပ်ချုပ်ရေးမှူးတွေကို ရှင်းတဲ့စစ်ဆင်ရေးတွေကို မြို့ပြပြောက်ကျားတွေ လုပ်မယ်ဆိုရင်လည်း အင်နဲ့အားနဲ့လုပ်ရမယ်။ နံပါတ် ၂ လူထုဆန္ဒပြပွဲတွေ ဖြစ်လာအောင် လုပ်မယ်ဆိုရင်လည်း သူက  ဦးဆောင်မှုပေးရမယ်လေ။ အခုဟာက တော်လှန်ရေးအင်အားစုတွေက ဦးဆောင်ပြီးတော့ လုပ်နေတာ မတွေ့ဘဲနဲ့ လူထုအခြေအနေ ကြည့်ပြီးတော့ သူက လုပ်နေတာတွေ့တယ်။ လူထုကလည်း ဒီထက် မလုပ်နိုင်တော့ဘူး။ ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြတဲ့ကလေးတွေ ရက်ရက်စက်စက် အဖမ်းခံရတယ်။ မြို့ပြပြောက်ကျားတွေဆိုလည်း ဒီလိုပဲ။ ဒါကြောင့်မို့လို့ အဲဒါနဲ့ပတ်သက်လို့ ဥပဒေအရတော့ နည်းဥပဒေ ထုတ်မပေးခြင်းအားဖြင့် ငါတို့ လုပ်ချင်ရာလုပ်မယ်လို့ ပြောရာရောက်တယ်။ ပြီးတော့ ဒီကိစ္စက ဥပဒေနည်းနဲ့ ရှင်းလို့မရဘူး။ စစ်ရေးနည်း၊ နိုင်ငံရေးနည်းနဲ့ပဲ ရှင်းလို့ရမယ်လို့ပဲ ဆရာတို့က ထင်မြင်ချက်ပေးချင်ပါတယ်။”

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းစခေါ်တဲ့အချိန်တုန်းက စာရင်းသွင်းတာ၊ မဲနှိုက်ရွေးချယ်တာတွေကို အများအပြား လုပ်ခဲ့တာကြောင့် ကြိုတင်ရှောင်ရှားချိန် ရခဲ့ပေမဲ့ လက်ရှိမှာတော့ အဲဒီလို စုဆောင်းမှုပုံစံထက် ပိုပြီး သိုသိုသိပ်သိပ် လုပ်လာတာကို တွေ့ရတယ်လို့ BACS သုတေသနတာဝန်ခံက ဆိုပါတယ်။

“အရင်ကလို လူမြင်ကွင်းမှာ သိသာအောင်၊ သတင်းမီဒီယာတွေထဲ သတင်းတွေပျံ့အောင် အဲဒါမျိုးကို သူတို့မလုပ်တော့ဘဲနဲ့ ပိုပြီးသတိထားပြီး လုပ်လာတယ်။ မသိမသာနဲ့ ပုံမှန်အခြေအနေလို့ ထင်အောင် လုပ်လာတာ တွေ့ရတယ်။ ပြီးတော့ မြို့ပေါ်တွေထက် မြို့စွန်တွေ၊ နယ်ဘက်တွေ၊ ကျေးရွာဘက်တွေကို အဓိက ပစ်မှတ်ထားပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အခုနောက်ပိုင်းဆိုရင် ထိုင်းဘက်ကနေ မြန်မာဘက်ကို ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို လုပ်နေတာ တွေ့ရတယ်။”

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အပတ်စဉ် ၅ က စပြီး အမျိုးသမီးတွေကို ခေါ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမဲ့ လက်ရှိအချိန်ထိတော့ ခေါ်ဆောင်တာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့လည်း အမျိုးသမီးတွေ အနေနဲ့လည်း စစ်မှုထမ်းဥပဒေဟာ အချိန်မရွေး အန္တရာယ်ပေးနိုင်ဆဲ ဖြစ်တာကြောင့် သတိထားဖို့လိုတယ်လို့လည်း စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက သတိပေးထားကြပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းအပတ်စဉ် ၆ အဖြစ် နေရာဒေသတချို့မှာ သင်တန်းသား စုဆောင်းတာတွေ ရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အပတ်စဉ်တခုကို လူ ၅,၀၀၀ နဲ့ တနှစ်ကို လူအင်အား အနည်းဆုံး ၅၀,၀၀၀ နှုန်း ကောက်ယူသွားမယ်လို့ ပြောဆိုထားပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013