DVB Logo
Home
Lead Story
လိပ်ကျွန်းအမှု ရဲတင်ပြချက် ပယ်ချသည့်အပေါ် မြန်မာဥပဒေပညာရှင်များ၏ အမြင်
DVB
·
October 10, 2014
လိပ်ကျွန်းအမှု ရဲတင်ပြချက် ပယ်ချသည့်အပေါ် မြန်မာဥပဒေပညာရှင်များ၏ အမြင်
1 / 3
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရဲက တရားစွဲဖို့ တင်ပြထားချက်တွေကို အစိုးရ ဥပဒေအကြံပေးအဖွဲ့က ပယ်ချလိုက်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က  တရားစွဲဖို့ တင်ပြချက်တွေဟာ  မပြည့်စုံတာကြောင့် စွဲချက်ကို ပယ်ချလိုက်တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က တရားလွှတ်တော်ရှေ့နေ တချို့ရဲ့အမြင်တွေ ကို မေးမြန်းထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ခိုတောင်ကျွန်း လူသတ်မှုမှာ ထိုင်းရဲဟာ ဥပဒေနဲ့ညီ တဲ့ ဖြောင့်ချက်ယူထားတာ မတွေ့ရဘူးလို့ သုံးသပ် ပြောပါတယ်။

“တရားဥပဒေစနစ်က ကျနော်တို့ထိုင်းက နည်းနည်းတူတယ်လို့ ကျနော်ထင်တယ်။ ရာဇ၀တ်မှုတွေကို ပထမဆုံး ရဲက လုပ်ရတယ်။ မြန်မာပြည်ဆိုလည်း မှုခင်းဆရာဝန်ကြီးတွေ အခန်းကဏ္ဍပါတယ်။ ရဲထောက်လှမ်းရေးပါတယ်။ ဒီလိုစုံစမ်းထောက်လှမ်းပြီးတော့ အမှုခိုင်ရင် ပထမအဆင့် ရှေ့နေချုပ်ရုံးကို တင်ရတယ်။ ဥပဒေအရာရှိတွေက ဒီအမှုကို လေ့လာတယ်။ တရားစွဲသင့်တယ်ထင်ရင် စီလျော်တဲ့ပုဒ်မကို တပ်ပေးတယ်။ ရှေ့နေချုပ်ရုံးက စစ်လိုက်လို့ ဒါက ပြစ်မှုမမြောက်ဘူး၊ ခိုင်လုံတဲ့အထောက်အထား မရှိဘူးဆိုရင် သူတို့က အထောက်အထားကို ပြန်ရှာခိုင်းတယ်။ တရားခံကို ချုပ်ရမန်ပြည့်သွားရင် အာမခံနဲ့ ပြန်လွှတ်ရတယ်။ ထားထားလို့ မရဘူး။ အထောက်အထားခိုင်လုံမှ တရားရုံးကို တရားစွဲဆို တင်ပို့ရတယ်။

unnamed11“အထောက်အထား ခိုင်လုံမှုဆိုတာ က မြန်မာပြည်မှာဆိုရင် ရဲအရာရှိကိုပေးတဲ့ ၀န်ခံချက်၊ ဖြောင့်ချက်မှန်သမျှ တခုမှ တရားမ၀င်ဘူးလို့ ကျနော်တို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ တကယ်လို့ တရားခံက အကြောင်းတခု ခုကြောင့်ဖြစ်စေ၊ ဒေါသ အလျောက်ဖြစ်စေ လုပ်မိပါပြီလို့ ၀န်ခံရင် အဲဒီတရားခံကို အမှုစစ်တဲ့ အရာရှိ က တရားရုံးကို ခေါ်သွားရတယ်။ ပြီးတော့ တရားသူကြီးကို အပ်ရတယ်။ ဒီတရားခံက ဖြောင်ချက်ပေးချင်ပါတယ်ဆိုပြီး အပ်ရင် တရားသူကြီးက တရားခံကို မေးမယ်၊ ပြီးရင် ရဲက ရိုက်သလား၊ နှိပ်စက်သလား၊ မင်းတကိုယ်လုံး ချွတ်၊ မင်းကိုယ်မှာ ဘာဒဏ်ရာတွေ ရှိသလဲဆိုပြီး တရားသူကြီးက ကြည့်ရတယ်။ ဒဏ်ရာတွေ့ရင် မင်းကို ဘယ်သူလုပ်ထားတာလဲ မေးရတယ်။ မေးပြီးတော့မှ အားလုံးတရားသူကြီးက ကျေနပ်တယ်၊ ဒီလူဟာ သူ့သဘောနဲ့သူ ဘယ်သူ့သြဇာမှမပါဘဲ ပေးတဲ့ဖြောင့်ချက်ဖြစ်တယ်လို့ ယူဆမှ ဖြောင့်ချက်ကို ယူရတယ်။ ဒီအမှုတွဲမှာတော့ အဲဒီလိုနဲ့ညီတဲ့ ဖြောင်ချက်ကို ယူထားတာမရှိဘူး။

“ရဲခံဝန်ချက်ဆိုတာက ကျနော်တို့ဆီမှာလည်း ရဲကနှိပ်စက်လို့ ၀န်ခံကြတာပဲ၊ ပြီးတော့ ရုံးကျမှ ပြန်ငြင်းရင် အဲဒီဖြောင့်ချက်တွေက ပျက်သွားတာပဲ။ အခုအမှုမှာတော့ ကျနော့်အယူအဆရ လုပ်ထုံးလုပ်နည်းပိုင်း မှားယွင်းနေတာ တွေ့ရတယ်။ စွပ်စွဲခံရတဲ့ ကလေးတွေ အပြစ်ရှိမရှိ ကျနော်တို့ မပြောနိုင်သေးဘူး၊ စစ်ဆေးပြီးမှ ပြောနိုင်မယ်။ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာတွေမှာတော့ အလွန်အမင်း အားနည်းနေတာ တွေ့ရတယ်။ ဒါကြောင့် အစိုးရ ရှေ့နေတွေက ပယ်ချလိုက်တယ်ဆိုတာ ကျနော်တို့နဲ့ အမြင်ချင်းတူတယ်၊ သဘောထားချင်းတူတယ်။

“ဘာကြောင့်လဲဆိုရင် ဒီအမှုကို လိုက်ရမှာက အစိုးရရှေ့နေက လိုက်ရမှာ။ ကလေးတွေ အပြစ်ရှိပါတယ်ဆိုတာ သက်သေထူရမှာက အစိုးရရှေ့နေတွေက လုပ်ရမှာ။ တဖက်ကလည်း တရားခံက ရှေ့နေတွေငှားပြီး ထုချေမယ်ဆိုရင် အချေအတင်အပြိုင်အဆိုင် ရုံးရှေ့မှာ ဖြစ်ကြတော့မယ်။ အဲလိုဖြစ်တဲ့အခါမှာ အစိုးရဘက်က သိပ်ပြီး အားနည်းနေရင် သူတို့ အရှက်ကွဲတော့မယ်။ မျက်နှာပျက်စရာ ဖြစ်တော့မယ်။ ဒီအမှုကလည်း တကမ္ဘာလုံးစိတ်ဝင်စားတဲ့အမှုဖြစ်တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ရော၊ ထိုင်းရှေ့နေချုပ်ရုံးရော တော်တော်မျက်နှာပျက်စရာဖြစ်မယ်။ ဒါကိုသိတဲ့အတွက် ရှေ့နေချုပ်ရုံးက ပြန်ချပေးလိုက်တယ်၊ ခင်ဗျားတို့ ခိုင်မာအောင် ပြန်စစ်ဦးဆိုပြီး ပြောလိုက်တာလို့ ယူဆတယ်။ အခုထိုင်းရှေ့နေအဖွဲ့ကလုပ်လိုက်တာကတော့ တော်တော်လေးမှန်တယ်၊ ဥပဒေနဲ့လည်း ညီတယ်။”

ဥပဒေပညာရှင်လည်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးသိန်းညွန့်ကတော့ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားကောင်းတာကို အသိအမှတ်ပြု လိုက်ပါတယ်။

01-300x209“ထိုင်းရှေ့နေချုပ်ရုံး သို့မဟုတ် ထိုင်းတရားရုံးက ဒီအမှု လေ့လာစုံစမ်းမှုမှာ ရဲတွေက တရားခံတွေ ကို မြန်မာတွေဆိုပြီး လွယ်လင့်တကူ လက်ညှိုးထိုးပြတာကို သူတို့ဘက်က အချက်အလက်ပေါ် အခြေခံပြီး လက်မခံဘဲ ပယ်ချလိုက်တယ်ဆိုတဲ့ အချက်က ဒါ အင်မတန်မှ သူတို့ဆီမှာ တရားဥပဒေနဲ့ ပတ်သက်ပြီး အားကောင်းတယ်လို့ ပြောရမယ်။ ဒါပေမယ့် ထပ်မံတင်ပြခွင့်ရှိတော့ နောက်ထပ်တင်ပြလာတဲ့အခါမှာလည်း ဒီအမှုရဲ့ ကျောရိုးက မှုခင်းဆေးပညာရှင်တွေ မပါဘဲ စုံစမ်းခဲ့တဲ့အတွက် ဒီအချက်ကို အားလုံးက မီးမောင်းထိုးပြီးတော့ ဒါက ဇာတ်ကွက်ဇာတ်လမ်းဆင်ထားတဲ့အမှုဖြစ်တယ်ဆိုတာ ထိုင်းမှာရှိတဲ့ သူတို့အမှုကို လိုက်ပေးတဲ့ မြန်မာရှေ့နေတွေရော၊ မြန်မာသံရုံးရော၊ ကိုယ့်အမျိုးသားအချင်းချင်း ရပ်တည်ကူညီပြီး အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးနေသူတွေရော အားလုံးကို ကျနော်တို့ အသိမှတ်ပြုရမယ်။”

ဥပဒေပညာရှင်တဦးဖြစ်သလို အမျိုးသားလွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ အလားတူ အဖြစ်မျိး မြန်မာပြည်မှာ မရှိဘူးလို့ ပြောပါတယ်။

“အမှုထဲမှာ ပေါ်ပေါက်တဲ့ သက်သေအထောက်အထားတွေနဲ့ အချက်အလက်တွေ တရားရုံးကို မတင်ခင်မှာ ဥပဒေ၀န်ထမ်းဆီကို အရင်ဆုံး အကြံပြုချက်တင်ရတယ်။ အဲဒီဥပဒေ၀န်ထမ်းက လိုအပ်ချက်များ ရှိခဲ့မယ်ဆိုရင် ဘာတွေလိုအပ်တယ်ဆိုတာ အကြံပြုချက်တင်ပြီးတာနဲ့ ရဲစခန်းက တန်းပြီး တရားရုံးကို တင်လိုက်တာပဲ။ အဲလိုတင်တဲ့အခါမှာ ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် မပြည့်စုံဘူးလို့ တရားရေးကျမှ ပြန်ပြောင်းရတဲ့အကြောင်း မြန်မာပြည်မှာ မရှိဘူး။ စစ်ဆေးတဲ့အခါမှာ တကယ်ပဲ တရားလိုနဲ့ တရားလိုသက်သေတွေကို စစ်ဆေးပြီး ခိုင်မာမှုမရှိဘူး၊ စွဲချက်တင်နိုင်လောက်တဲ့အဆင့်မရှိဘူးဆိုရင် စွဲချက်မတင်ဘဲ တရားရှင်လွှတ်လိုက်တဲ့ နည်းမျိုးလည်း ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013