
ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ရဲလေ့ကျင့်ရေးစခန်းအနီး စားသောက်ဆိုင်တခုမှာ အောက်တိုဘာ ၁၇ ရက်က အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ရာမှာ စစ်သားတွေနဲ့ အရပ်သားတွေ အပါအဝင် လူ ၇ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ပါတယ်။
ရဲတွေ လက်ဖက်ရည်သောက်ဖို့ စုရုံးနေတဲ့ အဆောက်အအုံအတွင်းကို စစ်သားတယောက်လို အသွင်ယူ ဝတ်ဆင်ထားတဲ့ ဗုံးခွဲသမားတယောက်က ဝင်ရောက်ဖောက်ခွဲခဲ့တာပါ။
ဆွေမျိုးတွေရဲ့ ပြောကြားချက်အရ ပေါက်ကွဲမှုကြောင့် ကဗျာဆရာတယောက်လည်းဖြစ်၊ ရဲတပ်ဖွဲ့တီးဝိုင်းက အဖွဲ့ဝင်လည်းဖြစ်တဲ့ နာမည်ကြီး ရဲအရာရှိတယောက်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်မပေးသေးဘဲ သတင်းထောက်တွေကိုလည်း တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကို ဝင်ရောက်ခွင့် ငြင်းဆိုထားတုန်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူကလုပ်တယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
Source-Reuters