
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး ဗန်းမောက်၊ အိမ်မူ၊ နမ်းတုတ်၊ ကောင်သုဲင် ကျေးရွာ အပါအဝင် ကျေးရွာ ၁၃ ရွာက ဒေသခံ ၂၀,၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာနောက်ဆုံးပတ်ကစပြီး ကရင်နီတော်လှန်ရေးအင်အားစုနဲ့ စစ်တပ်၊ PNO ပြည်သူ့စစ်ကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် အကျအဆုံးများကာ စစ်တပ်က လက်နက်ကြီး၊ လေယာဉ် ပစ်ကူနဲ့ပါ တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က "လေယာဉ်နဲ့လာပစ်တာ။ လက်နက်ကြီးလည်း တနေကုန် ပစ်တယ်။ လက်နက်ကြီး တချို့ရွာထဲ ကျတယ်။ ရွာသားတော့ မရှိတော့ဘူး။"လို့ ပြောပါတယ်။
ထွက်ပြေးရတဲ့ ကျေးရွာ ၁၃ ရွာက ဒေသခံတွေဟာ ဂျာမနီလမ်းတလျှောက် တဲထိုးနေ နေရတဲ့ အပြင် ရေပူစမ်းနား၊ နောင်တရားမြို့တို့မှာ စစ်ရှောင်ရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ စောင်၊ ဆေးဝါးအရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင် တယောက်က "စစ်ဘေးရှောင်က သိပ်မကူကြဘူး။ ခုတလော ရေဘေးလည်း ကြုံကြတော့ ရေးဘေးပဲ ကူကြတယ်။ မိုးကာတွေ၊ ဆန်၊ ဆီ၊ ဆားတွေ လိုအပ်တယ်။ တိုက်ပွဲကရွာ နားပဲ အရင်ဖြစ်တာ။ အစကရွာသားတွေက မရှောင်ဘူး။ စစ်တပ်က လက်နက်ကြီးရွာထဲ ပစ်လာလို့ ရွာသားတွေ ထွက်ပြေးကြရတာ ။ဘာမှမပါလာဘူး"လို့ ပြောပါတယ်။
စက်တင်ဘာလနောက်ဆုံးပတ်ထဲနဲ့ အောက်တိုဘာ ၃ ရက်ရက်မှာ ဗန်းမောက်ရွာထဲ စစ်တပ် လက်နက်ကြီးကျလို့ နေအိမ် ၈ လုံး မီးလောင်ပျက်စီးပြီး ရွာသားတဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၁၃ ရက် အိမ်မူကျေးရွာမှာလည်း လက်နက်ကြီးကျလို့ ဒေသခံ ၂ ဦး ဒဏ်ရာရကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။











