DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးအကျဉ်းချခံထားရသည့် သက်ကြီးနိုင်ငံရေးခေါင်းဆောင်များ၏ ကျန်းမာရေး စိုးရိမ်
DVB
·
October 18, 2024
ဖမ်းဆီးအကျဉ်းချခံထားရသည့် သက်ကြီးနိုင်ငံရေးခေါင်းဆောင်များ၏ ကျန်းမာရေး စိုးရိမ်
Donate to DVB

ပြင်ပနဲ့အဆက်အသွယ်ဖြတ် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီး နိုင်ငံရေးအကျဉ်းသား တွေရဲ့ ကျန်းမာရေး အခြေအနေအပေါ်   နိုင်ငံရေးအသိုက်အဝန်းက  စိုးရိမ်ပူပန်နေ ကြပါတယ်။

အောက်တိုဘာ ၇ ရက်က မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါနဲ့ကွယ်လွန်ပြီးနောက် အကျဉ်းထောင်မှာ ကျန်နေတဲ့ NLD အစိုးရခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အပေါ် မှာ စိုးရိမ်နေတာပါ။ 

စစ်ကောင်စီ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD နာယက ဦးဝင်းထိန်၊ တိုင်းနဲ့ပြည်နယ်အလိုက်ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဟာ အသက်အရွယ်အားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်ရယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေဟာ မိသားစုတွေ၊ ရှေ့နေတွေနဲ့ပုံမှန် တွေ့ဆုံခွင့် မရဘဲ စစ်ကောင်စီက ပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာပါ။

NUG သမ္မတရုံးပြောခွင့်ရှိသူ  ဦးကျော်ဇော် "ဆေးကုသမှုမခံရဘဲနဲ့ ကိုဗစ်အချိန်တုန်းကလည်း သေဆုံးသွားတဲ့ ခေါင်းဆောင်တွေ ရှိခဲ့တယ်။ အဲဒီလိုပဲ လူမသိဘဲနဲ့ ညှဉ်းဆဲနှိပ်စက်ခံပြီး သေသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း မနည်းဘူးပေါ့။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင် ဦးဝင်းထိန်တို့လိုမျိုး အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ ထောင်ထဲမှာရှိနေကြတယ်။ သူတို့ကျန်းမာရေးတွေကို အထူးထိန်းသိမ်းစောင့်ရှောက်ဖို့ စကစမှာ တာဝန်ရှိတယ်။ ရှင်းရှင်းပြောရရင် ဒေါက်တာဇော်မြင့်မောင်အသက်ဆုံးရှုံးသွားတာ စကစမှာ တာဝန်အပြည့်အဝရှိတယ်။ ကျန်နေသေးတဲ့ ပုဂ္ဂိုလ်တွေကို အမြန်ဆုံး လွှတ်ပေးဖို့လိုပါတယ်။ နောက်ပြီးတော့ ဆေးဝါးကုသမှုအပြည့်အဝ ပေးဖို့လည်း တောင်းဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ ကလည်း အခုလိုအချိန်မှာ ထောင်ထဲမှာရှိနေတဲ့ အပြစ်မဲ့တဲ့သူတွေအားလုံး လွှတ်ပေးဖို့ တောင်း ဆိုသင့်တယ်။ ဖိအားပေးသင့်တယ်၊ နားမထောင်ရင် အရေးယူသင့်တယ်ဆိုတာလည်း ပြောကြားချင်ပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အဖမ်းခံခဲ့ရတဲ့ အသက် ၇၉ နှစ်အရွယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းဟာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက် က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါနဲ့ကွယ်လွန်ခဲ့တာပါ။

ဦးဉာဏ်ဝင်းဟာ ဆီးကြိတ်၊ ဆီးချိုနဲ့ သွေးဝမ်းသွားတဲ့ရောဂါအခံရှိပြီး ထောင်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့တာလို့ နီးစပ်သူတွေက ပြောဆိုခဲ့ ကြပါတယ်။

ဒါ့အပြင် အသက် ၇၇ နှစ်အရွယ် NLD ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာ အောင်ရှင်ဟာလည်း လွတ်ငြိမ်းနဲ့ ပြန်လွတ်ပြီး တလခွဲဝန်းကျင်အကြာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။

အသက် ၉၇ နှစ်အရွယ် NLD နာယက သူရဦးတင်ဦးဟာလည်း ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဦးနှောက်သွေးကြောပိတ်၊ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ 

NLD ပါတီရဲ့ အသက်ကြီးပိုင်းခေါင်းဆောင်တွေရဲ့ အသက်အရွယ်ကို မထောက်ထားဘဲ စစ်ကောင်စီက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်တွေရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ဈာပနအခမ်းအနားတွေကိုလည်း ပြုလုပ်ခွင့် မရခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက "ဆရာဇော်အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း သောင်းနဲ့ချီပြီးတော့ အတင်းအဓမ္မဖမ်းဆီးထားတာဖြစ်တယ်။ ဒီထဲမှာ အသက်အရွယ်အားဖြင့် သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေလည်း အများကြီးပါတယ်။ ကျန်းမာရေး မကောင်းတဲ့ပုဂ္ဂိုလ်တွေရော အမျိုးသမီးလူငယ် ပေါင်းစုံပေါ့။ ရှေ့မှာဆိုရင်လည်း NLD ပါတီကပဲ ဘဘ ဦးဉာဏ်ဝင်းတို့ရှိတယ်၊ လက်ရှိ အိုးဘိုအကျဉ်းထောင်ထဲမှာပဲ အသက် ၈၀ ကျော် ၉၀ တန်းတွေဖြစ်နေတဲ့ ဘဘ ဦးဝင်းထိန်တို့လည်းရှိတယ်၊ သမ္မတကြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆိုတာလည်း အသက် ၈၀ တန်းတွေဖြစ်ပါတယ်။ ပြောချင်တာက ဒီလိုပုဂ္ဂိုလ်တွေကို မင်းအောင်လှိုင်သည် မတော်မတရား ဖမ်းဆီးထားခြင်းဖြစ်တယ်။ ကွယ်လွန်တဲ့သူတွေလည်း ကွယ်လွန်ပြီ။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း မကောင်းဘူး။ ဒါတွေအားလုံးက ဖက်ဆစ်စစ်အုပ်စုက အပြည့်အဝတာဝန်ယူ တာဝန်ခံရမှာဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့အနေနဲ့ ဒီကနေပြီး သတိပေး စကားပြောချင်တယ်”လို့ ပြောပါတယ်။ 

ထောင်တွင်းမှာ စစ်ကောင်စီက NLD ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမပေးဘူးလို့ မန္တလေးအိုးဘိုထောင်မှ ပြန်လွတ် လာတဲ့ လူငယ်တယောက်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းထိန်အပါအဝင် သက်ကြီးနိုင်ငံရေးအကျဉ်းသားတွေဟာ အရွယ် နဲ့ မမျှတဲ့ ဖိအားပေးမှုတွေကို ကြုံတွေ့နေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက "ဦးဝင်းထိန်ဟာ အသက် ၈၀ ကျော်နေပြီဖြစ်တယ်။ နေပြည်တော်အကျဉ်းထောင်ကနေ ထောင်ပြောင်းလိုက်တဲ့ အချိန်နောက်ပိုင်းမှာ ဦးဝင်းထိန်ဟာ မကြာခဏဆိုသလို ထောင်တွင်းဆေးရုံတွေမှာ ဆေးဝါး ကုသမှုခံယူနေရသူ တဦးဖြစ်တယ်။ လက်ရှိအချိန်မှာလည်း ဦးဝင်းထိန်ဟာ စိတ်ဓာတ်ရေးရာအရ အားကောင်းလို့သာလျှင် ခုချိန်အထိ အသက်ရှင်နေတာဖြစ်ပါတယ်။ လက်ရှိ ပကတိ အခြေအနေမှာတော့ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဦးဝင်းထိန်ဟာ Wheel Chair ပေါ်မှာတင်ပြီးမှပဲ လူတဖက်အကူပါမှသာလျှင် သွားလာလှုပ်ရှားနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ မန္တလေး ထောင်ရောက်တဲ့ အခြေအနေမှာဆိုရင် အဖော်မရှိဘဲ အခန်းထဲမှာ တယောက်တည်း ပိတ်လှောင်ထားတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ၂၀၂၄ ဩဂုတ်လကုန် အထိ မှတ်တမ်းတွေအရ စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း NLD ပါတီဝင် ၂၁၈၁ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ယောက် အဖမ်းခံခဲ့ရတာပါ။ 

အဲ့ဒီအထဲက ပါတီဝင် ၇၀၂ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၈ ယောက် ပြန်လည်လွတ်မြောက်ခဲ့ပြီး ပါတီဝင် ၁၄၉၇ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၅၇ ယောက် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ မှတ်တမ်းမှာဖော်ပြပါတယ်။ 

စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း NLD ပါတီဝင် ၁၀၇ ယောက် နဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက် စုစုပေါင်း ပါတီဝင် ၁၀၉ ယေက် သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ NLD ပါတီနဲ့ ပါတီဝင်တွေကို ပစ်မှတ်ထားဖိနှိပ်ခဲ့ပြီး တော်လှန်ရေးဟာလည်း NLD က အာဏာမရတာကြောင့် ပြည်သူတွေကို အသုံးချခဲ့တာလို့ သူတို့ ပိုင် သတင်းမီဒီယာတွေကနေ ဝါဒဖြန်ခဲ့တာပါ။

စစ်ကိုင်းယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက "အမေစုက ကျနော်တို့ကို အမြဲတမ်း သတိ ပေးတယ်၊ လူပုဂ္ဂိုလ်ကိုပဲ မှီတွယ်ပြီးတည်ဆောက်ခဲ့တဲ့စနစ်ဟာ အားမရဘူး၊ မခိုင်မြဲဘူးဆိုတာ ကျနော်တို့ အားလုံးနားလည်ပြီးသားဖြစ်သလို လူငယ်တွေလည်း အကုန်နားလည်ပြီးသား ဖြစ်တယ်။ နောက်တပိုင်းက ဒီတော်လှန်ရေးလုပ်ခဲ့တာက NLD ပါတီက အာဏာမရလို့ လုပ်နေတာဆိုတော့ လက်ရှိလူငယ်တွေကိုပဲ မေးကြည့်လိုက်လေ၊ ပါတီအတွက်လုပ်နေတာလား ဒီမိုကရေစီအရေးအတွက် လုပ်နေတာလားဆိုတဲ့ အဖြေက ရှင်းရှင်းလင်းလင်း ပေါ်ပြီးသားပဲ ဖြစ်တယ်။ လူငယ်တွေရဲ့ အားနဲ့ ဒီမိုကရေစီဖက်ဒရယ်ကို သွားမယ့် လမ်းကြောင်းပေါ်မှာ နှောင့်နှေးမှာ မဟုတ်သလို ဒီနေ့တော်လှန်ရေးဟာလည်း ပါတီတခုတည်းနဲ့ လူပုဂ္ဂိုလ်တခုတည်း အပေါ်မှာ မှီတည်ပြီးသွားနေတာ မဟုတ်ဘူးလို့ ကျနော် ယုံကြည်တယ်”လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၆ ရက်အထိ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးတရားစွဲ ဆိုခံထားရတဲ့ ပြည်သူပေါင်း အယောက်  ၂၁၀၀၀ ကျော်ရှိနေတာပါ။ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အာဆီယံနဲ့ တရုတ်အပါအဝင် နိုင်ငံတကာက နိုင်ငံရေးအကျဉ်း သားတွေကို ပြန်လွှတ်ပေးပြီး ဆွေးနွေးပွဲလမ်းကြောင်းပေါ်တက်ဖို့ စစ်ကောင်စီကို တိုက်တွန်းတာ တွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် စစ်ခေါင်းဆောင်က လစ်လျူရှုနေခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013