
ထိုင်းနိုင်ငံက အချုပ်ထောင်ထဲမှာ ငွေပေးရင်ဖုံးကိုင်လို့ရတဲ့အပြင် လိုက်ဖ်လွှင့်လို့ တောင်ရတယ်လို့ တောင်ကိုးရီးယားအကျဉ်းသားတယောက်က ပြောတဲ့အကြောင်း တောင်ကိုးရီးယားသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
အသက် ၄၀ ကျော်အရွယ်ရှိ တောင်ကိုးရီးယားအမျိုးသားတယောက်ဟာ ထိုင်းနိုင်ငံ ချွန်းပူးရီး ခရိုင်ထဲမှာ မူးယစ်မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က အဖမ်းခံထားရသူပါ။
သူဟာ ထိုင်းအကျဉ်းထောင်ထဲက လူနေမှုဘဝကို လိုက်ဖ်လွှင့်ပြခဲ့တယ်၊ ထိုင်းအကျဉ်းထောင်က မလွတ်လပ်ပါဘူး၊ အဲဒီထက်လွတ်လပ်ချင်ရင်တော့ ငွေပေးလို့ရတယ်၊ သူဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်စတဲ့နိုင်ငံက အကျဉ်းထောင်တွေလဲကျခဲ့ဖူးပြီးပြီ စသဖြင့် ကိုးရီးယားဘာသာစကားနဲ့ လိုက်ဖ်လွှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အမှန်တော့ သူဟာ တောင်ကိုးရီးယားနိုင်ငံက အလိုရှိနေတဲ့မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တရားခံတယောက်ဖြစ်တယ်၊ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံသွားတာသိလို့ ကူညီဖမ်းဆီးပေးဖို့ ထိုင်းတာဝန်ရှိသူတွေထံ အကြောင်းကြားထားတယ်၊ ဒါပေမဲ့ အမှုက တိုးတက်မှုမရှိဘဲ နှေးကွေးနေတယ်လို့ ကိုးရီးယားမီဒီယာက ဖော်ပြကြောင်း One News ထိုင်းသတင်းမှာ ဖော်ပြပါ တယ်။
ဒီကိစ္စဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် ထိုင်းအကျဉ်းဦးစီးဌာန လက်အောက်ခံ ချွန်းပူးရီးခရိုင်အကျဉ်းဌာနက အောက်တိုဘာ ၁၅ ရက်နေ့စွဲနဲ့ စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
ချွန်းပူးရီး၊ ပတ္တယားအကျဉ်းထောင်ထဲမှာ အဆိုပါတောင်ကိုးရီးယားရဲ့အမည်နဲ့သူ တယောက်မှ မရှိကြောင်း၊ ထိုင်းနိုင်ငံမှာလည်း အကျဉ်းသားတွေကို တယ်လီဖုံးကိုင်ခွင့်မပြုဘူး၊ သူလိုက်ဖ်လွှင့်တဲ့ နောက်ခံပုံစံတွေလည်း ထိုင်းအကျဉ်းထောင်ပုံစံမဟုတ်ဘူး၊ သူဟာ ထိုင်းမှာ အဖမ်းခံရတာတော့မှန်တယ်၊ ဒါပေမဲ့ မူးယစ်မှုနဲ့ မဟုတ်ဘဲ ဗီဇာသက်တမ်းလွန် ( Over Stay ) မှုနဲ့ ချွန်းပူးရီးခရိုင် ဘန်လမွန်းမြို့မှာ ဖမ်းခဲ့တယ်။ ရဲအချုပ်ခန်းမှာ ခေတ္တခဏသာနေပြီး သက်တမ်းလွန်ကြေးဆောင်ပြီးတာနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။
Source: One News / Matichon News











