
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ဟားခါးမြို့ကြားက ချင်းပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ အော်တိုတပ်စခန်း (C3) ကို အောက်တိုဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ရရှိသွားတယ်လို့ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။
ချင်းပူးပေါင်းတပ် ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ကျနော်တို့ တပ်ဖွဲ့ပေါင်းစုတွေ သိမ်းပိုက်ထားတဲ့ ထန်တလန်နဲ့ ဟားခါးကြားက အရေးပါတဲ့ အော်တိုတပ်စခန်းကို အခြေအနေ အကြောင်းကြောင်းကြောင့် လက်လွှတ်ခဲ့ရတာပါ” လို့ DVB ကို ပြောပါတယ်။
ချင်းပြည်နယ်အစိုးရရဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ထန်တလန်မြို့ကို သိမ်းပိုက်ရရှိနိုင်ရေး အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကစလို့ Tilim Operation 4 အမည်နဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေပြီး စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ အော်တိုတပ်စခန်းကို ဩဂုတ်လထဲမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။
ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တယောက်က “ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သူတို့ဘက်က စခန်းတွေပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်လာနေတယ်။ အခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေကလည်း အရမ်းပြင်းထန်နေတယ်။ သူတို့ဘက်က မြေပြင်စစ်ကူကော လေကြောင်းကနေပါ ထိုးစစ်ကို ပြင်းပြင်းထန်ထန် လုပ်လာနေတယ်” လို့ ပြောပါတယ်။
အဆိုပါ အော်တိုတပ်စခန်းကို ပြန်လည်လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရရဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးတဲ့အတွက် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ချင်းပူးပေါင်းတပ်ဖွဲ့တွေရဲ့ Tilim Operation 4 အမည်နဲ့ ဇူလိုင် ၂၂ ရက်ကစလို့ စစ်ဆင်ရေးတွေ ဆောင်ရွက်ချိန်ကနေ ဒီနေ့အချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ထန်တလန် စစ်ဦးစီးချုပ် အပါအ၀င် ချင်းပူးပေါင်းတပ်ဖွဲ့၀င် ၁၀၀ နီးပါး ကျဆုံးခဲ့ပါတယ်။










