
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ တောင်တက်ကားခဈေးနှုန်း ကျပ် ၇,၀၀၀ ကို ဈေးမြှင့်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၆ ရက်ကစပြီး တောင်တက်ကားခ ဈေးနှုန်းကို ကျပ် ၄,၀၀၀ မှ ကျပ် ၇,၀၀၀ ကို စတင်မြင့်တက်ခဲ့တာပါ။
တောင်တက်ကားခကို နောက်ခန်းမှာထိုင်တဲ့ ခရီးသည် တယောက်ကို ကျပ် ၇,၀၀၀၊ ခေါင်းခန်းမှာထိုင်တဲ့ ခရီးသည် တယောက်ကို ကျပ် ၉,၀၀၀အထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မနှစ်ကထက်တော့ ကားခဈေးတွေက တက်သွားတယ်။ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်း အခြေအနေကြောင့်ပေါ့။ လပြည့်နေ့ ဘုရားဖူးကတော့ တော်တော်များတယ်။ ဒီနှစ်က ဆိုင်တွေလည်း လေလံဈေးတွေချထားတယ်။ ဈေးက ၁၀ သိန်းကနေ သိန်း ၃၀ ကြားပဲရှိတယ်” လို့ ပြောပါတယ်။
ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စတင်ပြီး ကဆုန်လပြည့်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျိုက်ထီးရိုးဘုရားပွဲတော်ကာလအတွင်း တောင်တက်ကား အစီးရ ၁၅၀ နေ့စဉ်ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။