DVB Logo
Home
မြန်မာသတင်း
ထိုင်းကို ကုန်းလမ်းက ဝင်လာသူများ ကာလရှည်ဗီဇာပြောင်းခွင့် မရသဖြင့် အခက်ကြုံ
DVB
·
October 17, 2024
ထိုင်းကို ကုန်းလမ်းက ဝင်လာသူများ ကာလရှည်ဗီဇာပြောင်းခွင့် မရသဖြင့် အခက်ကြုံ
Donate to DVB

နယ်စပ်လမ်းကြောင်းတွေကနေတဆင့် ထိုင်းနိုင်ငံကို အလည်ဗီဇာနဲ့ဝင်ရောက်လာပြီး ကာလရှည် ဗီဇာ (long stay visa) ပြောင်းလျှောက်ခွင့် ချင်းမိုင်လဝက ပိတ်ပင်လိုက်တဲ့အတွက် ကုန်းကြောင်း ကနေ ပြည်ပထွက်ခွာမယ့် မြန်မာလူငယ်တွေ အခက်အခဲတွေ ကြုံနေရပါတယ်။

ထိုင်းအစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေကို တိတိကျကျ ထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ ချင်းမိုင်မြို့မှာတော့ ဗီဇာအပြောင်းအလဲ လုပ်မရတာ သေချာကြောင်း ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတခုက ပြောပါတယ်။

“ချင်းမိုင် immigration ကတော့ လုံးဝမလုပ်ပေးတော့ဘူး။ တနိုင်ငံလုံးလားဆိုတာတော့ သူတို့ဘက်က တရားဝင်ထုတ်ပြန်တာကို စောင့်ရမယ် ထင်တယ်။ တချို့က ဘန်ကောက်မှာတော့ ရသေးတယ် ပြောတယ်။ ဒါကလည်း ဒီဘက်က ပေါ်လစီအပြောင်းအလဲက ခဏခဏ change နေတာဆိုတော့ ဘာမှမသေချာဘူး။ အခု သူတို့ပြောတာက ကားလမ်းနဲ့လာတဲ့ ဘယ်သူမဆို ဒီဘက်မှာ long term တွေ မပြောင်းပေးတော့တာ။ ED visa ရော Retirement Visa ဘာမှ မရတော့တာ၊ တခါတည်း မြန်မာဘက်က Ed Visa လျှောက်ခဲ့ရင်တော့ရတယ်။”

ကုန်းလမ်းကြောင်းကနေလာပြီး ချင်းမိုင်မြို့မှာ ဘယ်လို ကာလရှည်ဗီဇာမျိုးကို မဆိုပြောင်းလဲ ခွင့်မပြုတော့တာ ဖြစ်ပါတယ်။

အခုလို ထိုင်းဘက်က ပိတ်ပင်လိုက်တာဟာ အလည်အပတ်ဗီဇာနဲ့ ရောက်လာပြီး ကာလရှည်ဗီဇာ ပြောင်းဖို့ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေအတွက် အခက်အခဲတွေ ဖြစ်စေသလို ကုန်းလမ်းကြောင်းကနေ ဝင်လာမယ့် လူငယ်တွေအတွက်လည်း ပိုပြီး ခက်ခဲစေတယ်လို့ ချင်းမိုင်ကို အလည်ဗီဇာနဲ့ ရောက်နေပြီး ကာလရှည် ဗီဇာပြောင်းဖို့စောင့်နေတဲ့ မြန်မာတယောက်က ပြောပါတယ်။

“ဒီကုန်းလမ်းကြောင်းကနေ ဝင်လာပြီးတော့ TR visa တွေကို long stay visa ပြောင်းလျှောက်ခွင့်ပိတ်လိုက်ပြီဆိုတာ ခုမှဖြစ်သွားတာပေါ့နော်။ အစ်မတို့တုန်းကတော့ မရှိသေးဘူး၊ အခုက ဒီချင်းမိုင်မှာ ပေးမလျှောက်တော့ဘူးဆိုတော့ ကျပ်တည်းတယ်ပေါ့နော်၊ အခက်အခဲလည်းဖြစ်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီ TR visa ကနေ up visa ဘယ်လို ပြောင်းလျှောက်ရတော့မလဲပေါ့။ အစ်မတို့က ဒီဘက်ရောက်လာလို့ တော်သေးတယ်၊ ပြည်တွင်းမှာ ပိတ်မိနေတဲ့ လူငယ်တွေ ပြည်ပထွက်ပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေကျတော့ လေယာဉ်နဲ့မှမဟုတ်ရင် ထွက်ရ ခက်သွားပြီပေါ့။ ဒါပေမဲ့ လေယာဉ်နဲ့ထွက်တဲ့ဟာမှာလည်း လေဆိပ်မှာ တော်တော်လေးကို စစ်တာဆေးတာ ကျပ်တာတွေလည်း ကြားတယ်။”

မြန်မာနိုင်ငံက ဝင်ရောက်လာတဲ့သူတွေအပေါ် အခုလို တဖက်နိုင်ငံက ပိုတင်းကျပ်လာတာဟာ ထိုင်းမှာ တရားဝင်ရော တရားမဝင်ပါ နေထိုင်ကြတဲ့သူတွေအတွက် အခက်အခဲတွေပိုပြီး ကြုံစေတယ်လို့ ရွှေ့ပြောင်းအရေး ကူညီနေသူတွေက ဆိုပါတယ်။

စစ်ကောင်စီကလည်း ပြည်ပထွက်မယ့်လူငယ်တွေအပေါ် တင်းကျပ်စစ်ဆေးတာကို ဇွန်လက တည်းက စတင်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

အလည်ပတ်စပို့ PV နဲ့ ပြည်ပထွက် အလုပ်ဖို့ ကြိုးစားမှာစိုးတဲ့အတွက် လေဆိပ်မှာ တားမြစ်နေပြီး အလုပ်အတွက် ပတ်စပို့ PJ နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လုပ်ကြဖို့ကိုလည်း နှစ်ကြိမ်တိုင် ထုတ်ပြန်ကြေညာနေပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013