DVB Logo
Home
မြန်မာသတင်း
စစ်တပ်၊ NCA အပစ်ရပ်အဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
DVB
·
October 16, 2024
စစ်တပ်၊ NCA အပစ်ရပ်အဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
Donate to DVB

အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲကျင်းပမယ့်စနစ် အကြောင်း အပါအဝင် အချက် ၄ ချက်ကို စစ်ကောင်စီတပ်ကိုယ်စားလှယ်တွေက NCA အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊  နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA  ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအပြီးမှာ စစ်ကောင်စီက  ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ကိုယ်စားပြုတဲ့ ပါတီ ၁၆ ပါတီက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံချိန်မှာ အဲဒီအကြောင်းအရာတွေကို ဆွေးနွေးခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ လေ့လာဆန်းစစ်ပြုစုတင်ပြရေးအဖွဲ့ ၄ ဖွဲ့က ပြုစုထားတဲ့ စာတမ်း ၄ စောင်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ်ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေအကြား အာဏာခွဲဝေကျင့်သုံးမှုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခန့်ထားခြင်း၊ ပြည်ထောင်စုစနစ်ခိုင်မာစေရေးနှင့် တိုင်းရင်းသားရေးရာဆိုင်ရာများနှင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍတို့အား အကျဉ်းချုပ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲကို NCA  လက်မှတ်ရေးထိုးချိန်က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ သူတွေတက်ရောက်ခဲ့ကြသလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ကို အာဏာသိမ်းစစ်ကောင်စီဘက်က ဖိတ်ကြားခြင်းမရှိခဲ့တာကြောင့် စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့ဘက်က ၆ ဖွဲ့ကသာ  အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တာပါ။

အဲဒီအပြင် စစ်တပ်ကစီစဉ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဘက်က သူတို့တွေအနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမဲ့ သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ ရွေးကောက်ပွဲလုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ အဲဒီအစည်းအဝေးကိုနိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားတက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အကျဉ်းချုံးသာကျင်းပခဲ့ပြီး  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်းမရှိဘဲ Video Message  မိန့်ခွန်းသာ ပေးပို့ခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကိုယ်ကျိုးရှာသူတွေအဖြစ် ပြစ်တင်ဝေဖန်ထားပြီး လက်နက်ကိုင်တောင်းဆိုမှုတွေကို လိုက်လျောမှာမဟုတ်ဘဲ မိမိတို့ရဲ့ လိုလားချက်တွေကို တွေ့ဆုံဆွေးနွေးမှုတွေကနေ ညှိနှိုင်းကြဖို့  စစ်ခေါင်းဆောင်က ပြောပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013