DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတ စစ်မှန်သည့်ရွေးကောက်ပွဲ မဖြစ်နိုင်ဟု အမေရိကန်ပြော 
DVB
·
October 15, 2024
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတ စစ်မှန်သည့်ရွေးကောက်ပွဲ မဖြစ်နိုင်ဟု အမေရိကန်ပြော 
Donate to DVB

စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်သံတမန်တယောက်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု တရားမျှတရေးရုံး (GCJ) အထူးသံအမတ်ကြီး  ဗန်ရှော့ခ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဒဏ် ခံစားခဲ့ရသူတွေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေ အတွက် တာဝန်ခံမှု၊ တရားမျှတမှု ရရှိရေးကိစ္စနဲ့ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု ရရှိရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုတရားမျှတရေး အမေရိကန် အထူးသံတမန် ဗန် ရှော့ခ်နဲ့ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျူလီတာနာတို့ဟာ အောက်တိုဘာ ၁၁ ရက်က အထူးသတင်းစာရှင်းလင်းပွဲတရပ်ကို အွန်လိုင်းကနေ ကျင်းပရာမှာပြောကြားလိုက်တာပါ။

သံအမတ်ကြီး ဗန်ရှော့ခ်ဟာ  အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံကိုသွားရောက်ကာ ထိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ပညာရှင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ အရေး ဆွေးနွေးခဲ့ပါတယ်။

သံအမတ်ကြီးနဲ့ ထိုင်းအာဏာပိုင်တို့ တွေ့ဆုံစဉ် ပြောဆိုဆွေးနွေးတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ သံအမတ်ကြီး ဗန်ရှော့ခ်က “ ဒေသတွင်းက မိတ်ဆွေရင်းချာ နိုင်ငံတွေနဲ့ နှစ်နိုင်ငံကြား အပြန်အလှန် ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ အကုန်ထုတ်ပြောလို့ မရဘူးဆိုတာ သိကြမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အကြမ်းဖက်လုပ်ရပ်တွေ မြင့်တက်နေတဲ့ လက်ရှိ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပူပန်မိတဲ့အကြောင်း ကျမအနေနဲ့ အတိအလင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ လည်း သံအမတ်ကြီး ဗန်ရှော့ခ်ကပြောပါတယ်။ 

“ထောက်ပံ့ပို့ဆောင်ရေး၊ လုံခြုံရေး၊ အခြေခံအဆောက်အအုံ စတဲ့ လိုအပ်ချက်တွေလည်း ရှိနေတဲ့ အခြေအနေမှာ  ရွေးကောက်ပွဲကို ဘယ်လို စီစဉ် ကျင်းပသွားမလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင်ခက်ပါတယ်။ နောက်ပြီး စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်သလို မြန်မာပြည်သူတွေဟာလည်း ခြိမ်းခြောက်မှုတွေ ဒါမှမဟုတ် နောက်ကွယ်က ကြိုးကိုင်မှုတွေမရှိဘဲ သူတို့ရဲ့ ဒေသအဆင့်နဲ့ နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေကို လွတ်လပ်စွာနဲ့ ရွေးချယ်သွားနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အဲဒါ့ကြောင့် စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို အာရုံစိုက်နေတာထက် မြန်မာပြည်သူလူထုကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်သွားဖို့၊ အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ အများအပြားအပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေထံကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိရေး အဟန့်အတားမရှိ ခွင့်ပြုပေးဖို့အတွက် စစ်ကောင်စီကို ဖိအားပေး သွားသင့်တယ်လို့ ထင်ပါတယ်။”

အဆိုပါတောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က လိုက်နာမှုရှိမှသာ အာဆီယံနဲ့ တခြားဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အရပ်သားအစိုးရဆီ အာဏာပြန်လွှဲပေးနိုင်မယ့် ရွေးကောက်ပွဲ ကျင်းပရေးကို စတင် စဉ်းစား တွေးခေါ်သင့်တယ်လို့ အမေရိကန် အထူးသံတမန်က ပြောပါတယ်။

စစ်ကောင်စီကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းမယ်လို့ ပြောဆိုထားပြီး လတ်လော နိုင်ငံတဝန်း လူဦးရေသန်းခေါင်းစာရင်းကောက်ယူတာတွေကိုလည်း ပြုလုပ်နေ ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံနေသလို ထိုင်းအစိုးရကလည်း ရွေးကောက်ပွဲကို ထောက်ခံကြောင်း အရိပ်အမြွက်ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အဓိက အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ကောင်စီက ဖျက်သိမ်း၊ ပါတီခေါင်းဆောင်၊ လွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေကို  ဖမ်းဆီး၊ အကျဉ်းချ၊ သတ်ဖြတ်၊ ပါတီရုံးတွေကို ချိပ်ပိတ်၊ ပိတ်သိမ်း၊  ဆိုင်းဘုတ်တွေ ဖြုတ်ချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013