
အသိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိဖို့ မိကျောင်းကန်ပြည်သူ ၁၀၀ ကျော် ဒီနေ့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သိမ်းဆည်းခံမြေတွေပြန်ရဖို့ မိကျောင်းကန်ပြည်သူတွေဟာ ရန်ကုန်မြို့လယ်ခေါင်က မဟာဗန္ဓုပန်းခြံမှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့တာ ဒီနေ့နဲ့ဆို ရက် ၂၀၀ တိုင်ခဲ့ပြီ ဖြစ်ပြီး ဒီနေ့ အစာငတ်ခံ ဆန္ဒပြတာဖြစ်ပါတယ်။
ရက် ၂၀၀ ပြည့်အထိမ်းအမှတ် ဦးစိန်သန်း အဖမ်းခံရ ပြန်လွှတ်ပေး ဖို့နဲ့ မြေပြန်လည်ရရှိရေးအတွက် ဒီနေ့နေ့လယ် က ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
မိကျောင်းကန်ပြည်သူတွေအနေနဲ့ သပိတ်စခန်းဖွင့်ခဲ့တာ ရက် ၂၀၀ ပြည့် တဲ့ အထိ သက်ဆိုင်ရာ က ပြေလည်အောင်ဖြေရှင်းပေးတာတွေ မလုပ်ပေးသေးတဲ့အတွက် သပိတ်အရှိန်ကိုမြှင့်တင်တဲ့အနေနဲ့ ဒီနေ့တရက်တည်း အငတ်ခံဆန္ဒပြနေကြတာပါ။
မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူ ကိုမောင်မောင်က “တနွေတွင်းလုံး ဒီမှာကလည်း ဖြတ်သန်းခဲ့တာ ၇ လရှိပြီလေ။ သက်ကြီးရွယ်အိုတွေ ငဲ့ညှာတဲ့အတွက်၊ ရက် ၂၀၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်တဲ့အတွက် တရက် အစာငတ်ခံပြီးတော့ ဆန္ဒပြကြမယ်ဆိုပြီးတော့ ဒီနေ့ဆုံးဖြတ်ပြီးတော့ ဆန္ဒပြကြတာပါ။ တောင်းဆိုမှုတွေမရမချင်း ဒိထက်အရှိန်မြှင့်ပြီးဆန္ဒပြဖို့ရည်ရွယ်ချက်ရှိတယ်”လို့ပြောပါတယ်။
ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလပန်းခြံနားမှာဖွင့်ထားတဲ့ မိချောင်းကန်သပိတ်စခန်းကို အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား ဖျက်ပေးဖို့ ကျောက်တံတား ရဲစခန်းနဲ့ စည်ပင်သာယာဌာနက ညွှန်ကြားထားပေမယ့် ပြည်သူတွေက အရှိန်တိုးမြှင့် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
မိကျောင်းကန် ဆန္ဒပြတဲ့ ခေါင်းဆောင် ဦးစိန်သန်းကိုလည်း ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆည်းထားတာ ၂ လနီးပါး လောက်ရှိနေပြီ ဖြစ်ပါတယ်။
အစာငတ်ခံဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဒေါ်မြင့်ဌေးက “ဒီနေ့ ရက် ၂၀၀ ပြည့်မှာ အဓမ္မမြေသိမ်းခံရတဲ့သူတွေအားလုံး ကိုယ်စား။ ပြောသာပြောတာ သူတို့ဘက်က ဘာမှ ပြန်ပြီး လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ဘာများ လုပ်ဆောင်ပေးမလဲဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့၊ စောင့်မျှော်ရင်းနဲ့ ဆန္ဒပြနေတာ အငတ်ခံပြီးတော့” လို့ ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်က သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန် ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ၂၀၁၄ မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပြီး ၂၀၁၄ မတ်လ ၃၀ ရက်နေ့ မနက် ၃ နာရီအချိန်မှာ မိကျောင်းကန်သပိတ်စခန်းကို အစိုးရအာဏာပိုင်တွေက အင်အားသုံး ဖြိုဖျက်ခဲ့ဖူးပါတယ်။










