DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ကောင်စီက လုံခြုံရေးအဖွဲ့များ ဖွဲ့ ပြီးနောက် သူခိုးများ ပိုမို သောင်းကျန်းလာ 
DVB
·
October 14, 2024
ရန်ကုန်တွင် စစ်ကောင်စီက လုံခြုံရေးအဖွဲ့များ ဖွဲ့ ပြီးနောက် သူခိုးများ ပိုမို သောင်းကျန်းလာ 
Donate to DVB

ရန်ကုန်မြို့မှာ  သူခိုးတွေ ပိုပြီးအတင့်ရဲလာတာကြောင့် အထပ်မြင့်တိုက်ခန်းမှာ နေသူတွေပါ သူခိုးရန် စိုးရိမ်နေကြရတယ်လို့ တိုက်ခန်းနေပြည်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းမှာ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားပေမဲ့ ရပ်ရွာလုံခြုံရေးထက် နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ သတင်းကိုပဲ စောင့်ကြည့်စုံစမ်းနေတာကြောင့် သူခိုးတွေက ပိုအတင့်ရဲလာတယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “လမ်းထဲမှာလည်း သူခိုးမဝင်ဖူးတဲ့တိုက် မရှိသလောက်ပဲ။ ရပ်ကွက်ထဲလည်း နေ့တိုင်း ဘယ်အိမ်တော့ ဘာပါသွားတယ်ဆိုပြီး ကြားနေရတယ်။ လုံခြုံရေးဆိုပြီးဖွဲ့ထားတဲ့ သူတွေကလည်း ဘာမှအားကိုးရတာမရှိဘူး။ အဲဒါဖွဲ့ပြီးမှကို သူခိုးက ပိုအတင့်ရဲလာတယ်လို့တောင် ပြောလို့ရတယ်” လို့ ပြောပါတယ်။

အရင်က တိုက်မြေညီခန်းနဲ့ လုံးချင်းအိမ်တွေလောက်ပဲ သူခိုးရန်ရှိပြီး အခုနောက်ပိုင်း အထပ်မြင့်တိုက်ခန်းတွေပါ ဝင်ရောက်ခိုးယူတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတယောက်က “တလောကဆိုရင် ပြတင်းပေါက် သံပန်းတပ်ထားတဲ့ ၅ လွှာတိုက်ခန်း သူခိုးဝင်ခိုးသွားတယ်၊ သံပန်းကိုဖြုတ်ပြီးဝင်တာ။ အခုက အထပ်မြင့်လည်း သူခိုးရန်စိုးရိမ်ရတယ်။ သံပန်းရှိလည်း စိတ်မချရဘူး၊ တော်တော်ကို သောင်းကျန်းနေတာ” လို့ ပြောပါတယ်။

အဲဒီလို သူခိုးတွေ သောင်းကျန်းနေပေမဲ့ ဖမ်းမိတာမရှိသလောက်ဖြစ်ပြီး တိုင်ပြန်ရင်လည်း အရေးတယူလုပ်တာမရှိလို့ ကိုယ့်အိမ်ကိုယ်ပဲ သတိထားနေနေရတယ်လို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် အိမ်တွေကို ဝင်ရောက်ခိုးတာအပြင် လမ်းဘေးရပ်ထားတဲ့ ကားတွေရဲ့ နောက်ကြည့်မှန်၊ နံပါတ်ပြားတွေ ဖြုတ်ယူခိုးတာ၊ ကားမှန်ထုခွဲပြီး ကားအတွင်း တန်ဖိုးကြီး ပစ္စည်းတွေ ခိုးယူတာတွေလည်း မကြာခဏဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013