
ကျူးဘားနိုင်ငံသား အီးရစ်ဟာနန်ဒက်ဇ်ဟာ အောက်တိုဘာ ၁၂ ရက်က ဘောလုံးကို ၁ နာရီအတွင်း အချက်ရေ ၁၃,၉၈၅ ချက် တော့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါတယ်။
၁ နာရီအတွင်း (အမျိုးသား) အချက်ရေအများဆုံးဘောလုံး တော့ စံချိန်ကို အရင်က မက္ကဆီကိုနိုင်ငံသား အေဘရာဟင်မ်မူနော့ဇ်က ၁၁,၉၀၁ ချက်နဲ့ ၂၀၁၇ တုန်းက တင်ထားတာ ဖြစ်ပါတယ်။
အခု ဟာနက်ဒက်ဇ်ရဲ့ စံချိန်သစ်ကို ဂင်းနစ်ကမ္ဘာ့စံချိန်ပြုစုရေးအဖွဲ့က အတည်ပြုဖို့တော့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်က “အချိန်တိုအတွင်း အချက်ရေများများရဖို့အတွက် ခေါင်းနဲ့ အဓိက တော့တယ်။ ခေါင်းညောင်းလာတဲ့အခါကျမှ ခြေထောက်နဲ့ အချက် ၅၀ ကနေ ၈၀ ကြား တော့ပြီး ခေါင်းပေါ် ပြန်တင်တာ။ ခြေနဲ့တော့ရင် ပိုနှေးပြီး အချိန်ပိုကြာတယ်”လို့ ဆိုပါတယ်။
အသက် ၅၇ နှစ်အရွယ် ကျူးဘားသားဟာ ကမ္ဘာ့စံချိန်အမြောက်အမြား ချိုးဖျက်ဖို့ ကြိုးပမ်းခဲ့သူ ဖြစ်ပြီး တင်ထားနိုင်တဲ့စံချိန်တွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့လကလည်း ခြေချင်းဝတ် နှစ်ဖက်မှာ ၁ ဒသမ ၅ ကီလိုအလေးတုံးတွေ ဆွဲပြီး ထိုင်လျက် ၃ နာရီကျော်ကြာ ဘောလုံးတော့ပြီး ကမ္ဘာ့စံချိန်တခု တင်ထားခဲ့သလို ၂၀၁၁ တုန်းကလည်း စက္ကန့် ၃၀ အတွင်း ခေါင်းနဲ့ ၁၈၇ ချက် တော့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးပါတယ်။
Source-Reuters











