
၆ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်လေဆိပ်မှာ သီတင်းကျွတ် အားလပ်ရက် ခရီးသွားတွေကို မျှော်မှန်းပြီး အောက်တိုဘာ ၁၃ ရက်ဒီနေ့မှာ လေယာဉ်တွေ ပြန်လည်ပြေးဆွဲနေတယ်လို့ သက်ဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။
ခရီးသွားတွေ အချိန်တိုအတွင်း သွားလာလည်ပတ်နိုင်ဖို့အတွက်နဲ့ နိုင်ငံ့စီးပွားရေး တိုးတက်လာစေဖို့အတွက်ဆိုပြီး ၂၀၁၈ ခုနှစ်က ရန်ကုန်-ပုသိမ်ခရီးစဉ်ကို တပတ် ၄ ရက် သတ်မှတ် ပြေးဆွဲခဲ့ပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရတာလို့ သိရပါတယ်။
ပုသိမ်လေဆိပ်က ဌာနဆိုင်ရာဝန်ထမ်းတယောက်က “စစ်ကောင်စီက သီတင်းကျွတ် အားလပ်ရက်ခရီးသွားကို မျှော်မှန်းတာပေါ့။ ဒါ့ကြောင့် လေကြောင်းခရီးစဉ်က ခရီးသွားဒေသတွေဖြစ်တဲ့ ပုဂံညောင်ဦး၊ မန္တလေးနဲ့ ချောင်းသာတို့၊ ငွေဆောင်တို့၊ ဂေါ်ရင်ဂျီကျွန်းတို့ တည်ရှိတဲ့ ပုသိမ်ကိုပဲ ဦးတည်ထားတာ။ ဒီနေ့ ၁၃ ရက်နေ့ကနေ စတင်ပြေးဆွဲမယ်။ လေယာဉ်လက်မှတ်ဈေးနှုန်းအနေနဲ့ Economy တစောင် ကျပ် ၂ သိန်းကနေ ၂ သိန်း ၉ သောင်းအထိ ကောက်မယ်လို့သိရတယ်” ပြောပါတယ်။
ပုသိမ်လေဆိပ်ကနေ မြန်မာအမျိုးသားလေကြောင်း(MNA) က ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့နဲ့ မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်ကို တနင်္လာနေ့တို့မှာ ATR အမျိုးအစားလေယာဉ်နဲ့ ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)က မင်္ဂလာလေကြောင်းလိုင်း အနေနဲ့ ATR အမျိုးအစား လေယာဉ်နဲ့ပဲ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်ကို ကြာသပတေးနေ့နဲ့ မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်ကို သောကြာနေ့တို့မှာ ပျံသန်းပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ပုသိမ်ဒေသခံတယောက်က “ဒီနေ့တော့ လေဆိပ်မှာ မနက် ၄ နာရီလောက်ကလည်းက လုံခြုံရေးတွေ တိုးမြှင့်ထားတာ တွေ့ရတယ်။ ကျန်တာတော့ ထူးထူးထွေထွေ မတွေ့ရသေးဘူး၊ မသိရသေးဘူး။ လူကြီးတယောက် လိုက်လာတယ်ပေါ့။ ဖွင့်ပွဲလုပ်မယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ရန်ကုန်-ပုသိမ်အထူး ခရီးစဉ်အဖြစ် ပြေးဆွဲဖို့ စီစဉ်ထားပြီး လက်မှတ်တစောင်ကို ၁၈၅,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့တဲ့ ဩဂုတ်လက ပုသိမ်မြို့ကို ရောက်လာပြီး စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းကို ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ဖို့၊ နိုင်ငံတကာလေယာဉ်တွေ ဆင်းသက်နိုင်ဖို့၊ လေယာဉ်ခရီးကို အသုံးချပြီး နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ဖို့ မှာကြားခဲ့ပြီးနောက် အခုလို လေယာဉ်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲလာတာ ဖြစ်ပါတယ်။










