DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအထိမ်းအမှတ် မကွေးထောင်တွင် လှုပ်ရှားမှုပြုလုပ်
DVB
·
October 13, 2024
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအထိမ်းအမှတ် မကွေးထောင်တွင် လှုပ်ရှားမှုပြုလုပ်
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့ ဒေါင်းသေချောင်းအနီးက မကွေးဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေက အောက်တိုဘာ ၈ ရက် မနက်ပိုင်းကစလို့ NLD ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြ​တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အတွက် Silent Strike အသံတိတ်သပိတ်လုပ်တာတွေ၊ ဝမ်းနည်းကြောင်း ကဗျာရွတ်ဆိုတာတွေအပြင် ထောင်ဖွင့် ထောင်ပိတ်ချိန်တွေမှာဆိုရတဲ့ ‘မင်္ဂလာပါ’ ဆိုတဲ့စကားကို မပြောဆိုတာတွေအပြင် နိုင်ငံရေး အကျဉ်းသားတွေထဲက ကိုးကိုယ်တဲ့ဘာသာအလိုက် ကွယ်လွန်သူ ဒေါက်တာဇော်မြင့်မောင် ကို ရည်စူးပြီး မေတ္တာပို့သတာတွေ၊ အမျှပေးဝေတာတွေကို အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းကနေ ၁၂ ရက်နေ့ညနေအထိ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးမြို့နယ်က နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ မိသားစုဝင်တယောက်က “အတွင်းထဲက နိုင်ကျဉ်းတွေစုပြီး ဒေါက်တာဇော်မြင့်မောင်အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြတယ်တဲ့။ ဝမ်းနည်းကြောင်းသဝဏ်လွှာကိုလည်း သက်ဆိုင်တဲ့နေရာကို ပို့ထားတယ်တဲ့” လို့ DVB ကို ပြောပါတယ်။

အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးကုသမှုမရရှိတာ၊ ခေတ်မီစက်ကိရိယာတွေနဲ့ ဆေးဝါးတွေမရှိတာ၊ ရောဂါအခြေအနေဆိုးဝါးတဲ့အတွက် ပြင်ပဆေးရုံမှာ မဖြစ်မနေ တက်ရောက်ကုသဖို့ လိုအပ်ရင်လည်း အကြောင်းအမျိုးမျိုးပြပြီး ဆေးဝါးကုသခွင့် ငြင်းပယ်ခံရတာနဲ့ အကျဉ်းထောင်ထဲမှာ ကိုယ်စိတ်နှလုံးဆင်းရဲစေဖို့ အမျိုးမျိုး ဖိနှိပ်ခံရတာတွေကြောင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သေဆုံးခဲ့ရလို့ အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မကွေးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေက သဘောထား ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်အသီးသီးမှာ မတရားအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ NLD နာယက ဦးဝင်းထိန်၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ၀န်ကြီးတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးရဲ့ ဘယ်လိုကိစ္စရပ်တွေကိုမဆို အာဏာသိမ်းစစ်ကောင်စီဘက်က တာဝန်ခံရမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် စတင်ဖမ်းဆီးခံချိန်ကနေ သေဆုံးချိန်အထိ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စအလုံးစုံကို အာဏာသိမ်းစစ်ကောင်စီဘက်က အပြည့်အဝ တာဝန်ခံရမှာ ဖြစ်တဲ့အပြင် ဒေါက်တာဇော်မြင့်မောင် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

နတ်မောက်မြို့နယ်က နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ မိသားစုဝင်တယောက်က “ထောင်ဆေးရုံမှာ ဆေးက မပြည့်စုံဘူးတဲ့။ ဆေးမပြည့်စုံလို့လည်း အချိန်မီ ဆေးမကုရလို့ အပြင်ဆေးရုံကို ပို့ရတာ ခဏခဏတဲ့။ အသေအပျောက်တွေလည်း များတယ် ပြောတယ်။ ထောင်ထဲကို ဆေးပို့ရတာ တော်တော်ခက်တယ်။ စားဆေးရော လိမ်းဆေးရောကို အကျဉ်းသားက ထောင်ဆေးခန်းမှာ ဆေးစာယူပြီး အပြင်ပို့ပေးရတယ်။ ထောင်ဝင်စာပို့တဲ့နေ့မှ ဆေးစာရှာပြီး အဲဒီဆေးစာရမှ ဆေးစာထဲမှာပါတဲ့အတိုင်း ဝယ်ထည့်ပေးရတာ။ အဆင့်ဆင့်ဖြတ်ရလို့ တခါတလေ ဆေးစာက နောက်ကျနေတာတွေရှိတယ်။ ထောင်ဝင်စာပို့တဲ့ရက်မှာ မမီတာတွေ ကြုံရတယ်။ အထဲကနေ သူတို့ဈေးဘားကို မှာတော့လည်း ဈေးကို အရမ်းတင်ထားတယ်တဲ့လေ။ မှာတဲ့အတိုင်းလည်း မရဘူးတဲ့” လို့ ပြောပါတယ်။

သွေးကင်ဆာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးရွားလာခဲ့လို့ မန္တလေးဆေးရုံကြီး ICU မှာ ဆေးဝါးကုသနေရင်း အောက်တိုဘာ ၇ ရက်နေ့ မနက် ၃ နာရီအချိန်မှာ ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013